ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ လဟယ်မြို့နယ်တွင် ကျောင်းတက်ခွင့်မရသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ထက်မနည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လဟယ်မြို့နယ်ရှိ ကျေးရွာများတွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် ကျောင်းများမဖွင့်လှစ်နိုင်သည့်အပြင် တာဝန်ကျဆရာ၊ ဆရာမများ လာရောက်သင်ကြားနိုင်ခြင်းမရှိပဲ၊ ကျေး ရွာဒေသခံ ဆရာ၊ ဆရာမတစ်ရာကျော်မှာလည်း နှုတ်ထွက်ခဲ့ကြခြင်းကြောင့် ကျောင်းပေါင်း ၃၀ ကျော် ဖွင့်လှစ်နိုင်ခြင်းမရှိပဲ ကျေးရွာအသီးသီးက ကျောင်းသား၊ ကျောင်းသူ ၅၀၀ ထက်မနည်း ကျောင်းတက်ရောက်နိုင်ခြင်းမရှိကြောင်း ပညာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကဓိကတော့ တိုက်ပွဲတွေကြောင့် ကျောင်းမဖွင့်နိုင်တာ။ ကျောင်းမဖွင့်နိုင်တဲ့နေရာတွေများတော့ ကျောင်းမတက်ရတဲ့ကလေးတွေ အရမ်းများနေတယ်။ အဲ့လိုအခြေအနေတွေကြောင့် ကလေးတွေအားလုံးရဲ့ပညာရေးအခွင့် အလမ်းတွေဆုံးရှုံးတယ်။” ဟု ၎င်းကဆက်ပြောသည်။
ထိုကဲ့သို့ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် ကလေးသူငယ်များ ပညာရေးနောက်ကျခြင်းများဖြစ်စေသည့်အပြင် ကျောင်းပြင်ပလောကတွင် ကျင်လည်မှုများရှိလာသည့်အ တွက် အကျင့်စရိုက်များ ဆိုးရွားလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ကလေးတွေက ကျောင်းမတက်ရတော့ လေလွင့်တာများနေကြတယ်။ ပညာသင်နှစ် တစ်နှစ်နောက်ကျရင် နောက်ဆိုကျောင်းတက်ခွင့်ရလည်း စာကိုစိတ်ဝင်စားဝော့မှာမဟုတ်ဘူး။ အခုလည်း သူတို့ကျောင်းမတက်ရတော့ အပြင်လောကမှာ ဖြစ်သလိုကျင်လည်နေကြတယ်။ သူတို့လေးတွေရဲ့ အနာဂါတ်အတွက် မကောင်းဘူး။” ဟု ၎င်းကဆက်ပြောသည်။
ခန့်ခန့်
#ယနေ့ခေတ်
လဟယ်မြို့နယ်တွင် ကျောင်းတက်ခွင့်မရသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်