လသာမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၇ လမ်းထိပ်တွင် ယမန်နေ့ ညက အမျိုးသားတစ်ဦး ပစ်ခတ်ခံရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီခန့်က လသာမြို့နယ်၊ (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်ရှိ လမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ထမင်းကြော်ဆိုင်တွင် စားသောက်နေသူ အမျိုး သားတစ်ဦးအား အမည်မသိအမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ လွယ်အိတ်လွယ်ပြီး လမ်းလျှောက်လာတဲ့သူက အနီးကပ်သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတာ” ဟု ၎င်းကပြောကြားသည်။

ပစ်ခတ်ခံရသူမှာ North Gate ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း အမျိုးသားဖြစ်ကာ ၎င်းတွင်ဝဲဘက်နားထင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားရာ နေရာအနီးမှ အမေရိကန်ထုတ် ၉ မမ ကျည်ခွံသုံးတောင့်အား တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ ညက လသာ၊ လမ်းမတော်မြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့နယ်အချို့တွင် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများရှိကြောင်း သိရ သည်။

“ ညက စစ်ကား၊ ရဲကားတွေ တောက်လျောက်ပတ်နေတဲ့အပြင် လသာမြို့နယ်ထဲက စျေးဆိုင်တွေလည်း အကုန်သိမ်းခိုင်းတာ တွေ့တယ်။ ကျောက်တံတားဘက်လည်း ဧည့်စာရင်း စစ်တယ်လို့ကြားတယ်။” ဟု လသာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုအပေါ် Urban Owls ဆိုသည့် လူမှုကွန်ရက်စာမျက်နှာမှ ပစ်ခတ်မှုကို ၎င်းတို့အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရသူမှာ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ အတားအဆီးမရှိပဲ ဝင်ထွက်သွားလာနိုင်သူ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ခြင်းနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့် ရင်းနှီးသူဖြစ်သောကြောင့်ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထိုအဖွဲ့၏ ရေးသားထားချက်အပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်းတော့ မရှိသေးပေ။

သတင်း၊ ဓါတ်ပုံ – မောင်ဇော်

#ယနေ့ခေတ်

လသာမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.