ရန်ကုန်၊ နိုဝင်ဘာ ၂၉
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၌ ယမန်နေ့က အမျိုးသားတစ်ဦးအား နေအိမ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်၌ နေထိုင်သူ များထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်က လမ်းမတော်မြို့နယ်၊ ၉ လမ်းရှိ တိုက်ခန်းတစ်ခန်း၏ မြေညီထပ်အခန်းတွင် အမျိုးသားတစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံး လျက်တွေ့ရကြောင်း သိရသည်။
“ သူက အိမ်မှာတစ်ယောက်ထဲရှိနေတဲ့အချိန် အသတ်ခံရတာလို့တော့ ထင်တယ်။ ခေါင်းတစ်ခုလုံးမှာလည်း ဒဏ်ရာတွေနဲ့။ သူ့ကားလည်း ပျောက်နေတာဆိုတော့ လုယက်သတ်ဖြတ် ခံရတာလို့လည်း ပြောကြတယ်။” ဟု လမ်းမတော် ၉ လမ်းတွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူမှာ အသက် ၆၇ နှစ်အရွယ်ရှိ ဦးမောင်ဝင်းဆိုသူဖြစ်ပြီး၊ ကားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း၊ ပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောသည်။ ဦးမောင် ဝင်းအား နေအိမ်အိပ်ခန်းအတွင်း ဦးခေါင်းသွေးထွက်ဒဏ်ရာများဖြင့်တွေ့ရပြီး၊ ၎င်းပိုင်ဆိုင်သည့် မော်တော်ယာဉ်မှာလည်း ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး လုယက်သတ်ဖြတ်သွားသူဟု ယူဆရသူအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
သတင်း၊ဓာတ်ပုံ- #မောင်ဇော်
ပုံစာ – အခင်းဖြစ်ပွားသည့်လမ်းအား ယနေ့တွေ့ရစဉ်။
လမ်းမတော်၌ အမျိုးသားတစ်ဦးအား နေအိမ်အတွင်း ဒဏ်ရာများဖြင့်သေဆုံးလျက် တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်