လပွတ္တာမြို့တွင် ကလေးငယ် ၁၁ ဦးအပါအဝင် ၄၅ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား

လပွတ္တာ၊ မေ ၂၂

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်တွင် ဘဲဥဟင်းနှင့် ငံပြာရည်ချက်ဟင်းစားပြီး ကလေး ၁၁ ဦးအပါအဝင် လူ ၄၅ ဦး မေလ ၂၀ ရက်နေ့က အစာဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ များထံမှ သိရသည်။

လပွတ္တာမြို့၊ ကွမ်းခြံကုန်း၊ ချောင်းကလေး၊ အမှတ်(၉)ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့မှ ဆောက်လုပ်ရေးလုပ်သားများသည် လုပ်ငန်းခွင်မှပေးသော ဘဲဥဟင်းနှင့် ငံပြာရည် ချက်ဟင်းကို အလုပ်မှအပြန် နေအိမ် မိသားစုများနှင့်အတူစားပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားသဖြင့် ဆေးရုံတင်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဖြစ်တာက မနေ့ကပေါ့။ အလုပ်ကပေးတဲ့ဟင်းကို အိမ်ကိုသယ်ယူပြီး စားကြတာ။ စားပြီးလို့သိပ်မကြာဘူး အန်တာတို့၊ မောတာတို့၊ ခေါင်းမူးတာတို့ဖြစ်တာ ဘဲဥဟင်းနဲ့ ငံပြာရည် ချက်ဟင်းတစ်မျိုးပဲ စားတာလို့သိရတယ်။ အခု ဆေးရုံတင်ထားရတာက အယောက် ၄၀ ကျော်။” ဟု လပွတ္တာ လူမှုကူညီရေးအဖွဲ့၀င်တစ်ဦးက ပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သူ ၄၅ ဦးကို လူမှုကူညီရေးအသင်းများက လပွတ္တာ ၃ မိုင်မြို့သစ်၊ ကုတင် ၂၀၀ ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး မေလ ၂၁ ရက်တွင် သက်သာလာသူ ၂၄ ဦးကို ဆေးရုံကဆင်းခွင့်ပြုထားကြောင်း သိရသည်။

“ အားလုံး ၃ မိုင်မြို့သစ်ဆေးရုံမှာ တင်ထားရတာပါ။ အခုသက်သာတဲ့သူတွေက လူကြီးတွေချည်းပဲ။ ကလေးငယ်တွေက နည်းနည်းပိုခံရတာပေါ့။ ကျန်းမာရေးတာဝန်ရှိသူတွေက ဟင်းတွေကိုဓာတ်ခွဲစစ်ဆေးနေတယ်လို့ သိရတယ်။” ဟု လပွတ္တာမြို့နယ် ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေသူများသည် အသက် ၈ နှစ်မှ ၁၁ ကျော်ကျော်အထိ ကလေးငယ် ၁၁ ဦးအပါအဝင် ၂၃ ဦးဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

လပွတ္တာမြို့တွင် ကလေးငယ် ၁၁ ဦးအပါအဝင် ၄၅ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.