လင်းခေး၊ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဝမ်ဟတ်ကျေးရွာအုပ်စု၊ ဝမ်ဟတ်ကျေးရွာတွင် အောက်တိုဘာ ၁၈ ရက်၊ နံနက် ၉ နာရီက ဦးစိုင်းဆိုင်လင်း၏ နေအိမ်ဈေးဆိုင်၌ သီတင်းကျွတ်ပွဲတော်၌ ရောင်းချမည့် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း လင်းခေးလူမှုညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ မီးရှူးမီးပန်းဆိုင်ရှင် အမျိုးသားတစ်ဦးသေဆုံးပြီး ဆိုင်နဲ့မျက်နှာချင်းဆိုင် နေအိမ်ရှေ့ ထွက်ထိုင်နေသူ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။” ဟု လင်းခေးလူမှုညီရေး အသင်းက တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးစိုင်းဆိုင်လင်းတွင် ဝဲခြေကျိုးပြတ်၊ လည်ပင်းပြတ်ရှ၊ ဦးခေါင်း ဘယ်ခြမ်းပွင့်ထွက် ဒဏ်ရာနှင့် မျက်နှာချင်းဆိုင် နေအိမ်အရှေ့ တွင် နေထိုင်သည့် ဒေါ်မယ်ထောက်လံတွင် လည်ပင်းပြတ်ရှ၊ ဘယ်ရင်အုံပေါက်ထွက် ဒဏ်ရာများအသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း လင်းခေးလူမှုကူညီရေးအသင်းမှ သိရသည်။
သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို လင်းခေးလူမှုကူညီရေးအသင်းပိုင် မော်တော်ယာဥ်ဖြင့် လင်းခေးပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဥ်နှင့်စပ်လျဥ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
လင်းခေးတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်