ဝါရှင်တန်၊ ဇွန် ၂၈
အစ္စရေးနှင့် ဟစ်ဘိုလာနိုင်ငံကြား တင်းမာမှုများ ပိုမိုဖြစ်လာနေခြင်းကြောင့် အမေရိကန်အစိုးရသည် လက်ဘနွန်နိုင်ငံအတွင်းမှ အမေရိကန်နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရသည်။
အမေရိကန်အစိုးရက အစ္စရေးသည် လာမည့်သီတင်းပတ်များအတွင်း လက်ဘနွန်နိုင်ငံကို မြေပြင်ထိုးစစ်ဆင်နွဲမည်ကို စိုးရိမ်နေကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဂါဇာဒေသကို အရှိန်မြင့်တိုက်ခိုက်ပြီးချိန်တွင် နိုင်ငံမြောက်ပိုင်းကို အန္တရာယ်ပေးနေသည့် ဟစ်ဘိုလာအုပ်စုများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
အမေရိကန်အစိုးရသည် USS Wasp သင်္ဘောနှင့် ရေတပ်တပ်ဖွဲ့ဝင်များကို မြေထဲပင်လယ်သို့ ဖြန့်ကြတ်ချထားခဲ့သလို USS Oak Hill သင်္ဘောကိုလည်း ကျောက်ချရပ်နားထားကြောင်း သိရသည်။
အမေရိကန်အစိုးရသည် လိုအပ်မည်ဆိုလျှင် လက်ဘနွန်နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများကို အမြန်ဆုံးကယ်ထုတ်နိုင်ရန် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအုပ်စုများကို ချေမှုန်းနိုင်ရန် မြေပြင်ထိုးစစ်ဆင်နွဲခြင်းကို ဇွန်လအလယ်ပိုင်းတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား တိုက်ရိုက်စစ်ပွဲမဖြစ်လာစေရန် ကြားဝင်စေ့စပ်ပေးနေသော်လည်း မျှော်လင့်သလောက်အောင်မြင်မှုမရသေးကြောင်း သိရသည်။
ဟစ်ဘိုလာအုပ်စုသည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပြည်သူများကို အားပေးထောက်ခံကြောင်းပြသမှုအဖြစ် အစ္စရေးနိုင်ငံဘက်ခြမ်းကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့ကြောင်း သိရသည်။
အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲကို အပစ်ခတ်ရပ်စဲရန် ကြားဝင်ဆောင်ရွက်နေသော်လည်း အောင်မြင်မှုမရဘဲဖြစ်နေရာ အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။
ကောင်းထက်ငွေ
nbcnews.com
လက်ဘနွန်နိုင်ငံအတွင်းမှ အမေရိကန်နိုင်ငံသားများကို အမြန်ဆုံးကယ်ထုတ်နိုင်ရန် အမေရိကန်အစိုးရ ပြင်ဆင်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်