တဲလ်အဗစ်၊ ဇွန် ၁၉
ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံကို မြေပြင်ထိုးစစ်ဆင်နွဲရန် မေလ ၁၈ ရက်နေ့တွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။
အစ္စရေးသည် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ ရော့ကဒ်ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသော ဟစ်ဘိုလာအုပ်စုများကို ယခင်ကတိုက်ခိုက်ရာတွင် မြေပြင်ထိုးစစ်ဆင်နွဲခြင်းများမလုပ်ဆောင်ဘဲ လေကြောင်းမှတိုက်ခိုက်မှုများသာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိအချိန်မှာ ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံဘက်ခြမ်းသို့ အရှိန်မြင့်တိုက်ခိုက်လာခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန် ၈ လကျော်ကြာချိန်တွင် အပစ်ခတ်ရပ်စဲရန် သဘောတူညီမှုမရသေးဘဲ တိုက်ပွဲများဆက်လက်ဖြစ် ပွားနေဆဲဖြစ်ပြီး အမေရိကန်၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့က ကြားဝင်ဆောင်ရွက်နေကြောင်း သိရသည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက “ လက်ဘနွန်နဲ့ ဟစ်ဘိုလာနိုင်ငံအပေါ် ထားရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပြောင်းလဲဖို့ နီးစပ်နေတယ်။ အလုံးစုံစစ်ပွဲ ပြုလုပ်တာမျိုး ဖြစ်လာဖွယ်ရှိတယ်။ ဟစ်ဘိုလာအုပ်စုတွေကို အလုံးစုံစစ်ပွဲဆင်နွဲရာမှာ လက်ဘနွန်နိုင်ငံ ထိခိုက်နစ်နာရဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက် လိုအပ်မည်ဆိုလျှင် လက်ဘနွန်နိုင်ငံကို ကြီးမားသောထိုးစစ်ဆင်နွဲဖို့ အဆင့်သင့်ရှိနေတယ်ဟု ဇွန်အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့သည်။
ဟစ်ဘိုလာအုပ်စုသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ရာ တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
အစ္စရေးသည် လက်ဘနွန်နယ်စပ်ဒေသတွင်ရှိနေသည့် အစ္စရေးတပ်ဖွဲ့ဝင်အရေအတွက်ကို ပိုမိုတိုးမြှင့်ချထားဖွယ်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
thedefensepost.com
လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအုပ်စုကို အလုံးစုံစစ်ပွဲဆင်နွဲရန် အစ္စရေးစစ်တပ် ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်