လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ကွတ်ခိုင်၊ နမ့်ဖက်ကာရွာတွင် တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာကျေးရွာတွင် ယမန်နေ့က လက်နက်ကြီးကျည်ထိမှန်၍ တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့၊ နံနက် ၁၀ နာရီခွဲက နမ့်ဖက်ကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ သေဆုံးသူက အသက် ၁၆ နှစ်အရွယ် ကချင်အမျိုးသမီးပါ။ ဒဏ်ရာရတဲ့ လေးဦးကလည်း လူငယ်တွေချည်းပဲ။” ဟု ဒေသခံ ပရဟိတလုပ်သူတစ်ဦးက ပြောသည်။

သေဆုံးသူအား ကွတ်ခိုင်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ကျည်ထိမှန်ဒဏ်ရာရရှိသူ လေးဦးအား ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးထားကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်ဖက်ကာရွာအား ယမန်နေ့က TNLA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ ရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိပြီး ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း ယမန်နေ့ ညပိုင်းက နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်နှင့် အနီးတဝိုက်တွင် နစကတပ်များသာမက KIA, TNLA နှင့် PDF အဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိပြီး တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလေ့ရှိကာ တိုက်ပွဲများ ဖြစ်ပွားစဉ် အနီးရှိကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် ကျည်ထိမှန်ကာ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများရှိကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

ဓါတ်ပုံ-စီဂျေ

#ယနေ့ခေတ်

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ကွတ်ခိုင်၊ နမ့်ဖက်ကာရွာတွင် တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.