လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရ

ကျောက်ကြီး၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့်ကျေးရွာနှင့် မုန်းမြို့နယ်၊ သေနပ်ကွင်းကျေးရွာတို့၌ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ကျောက်ကြီးဘက်မှာက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အဲ့ဒီရွာက စောပွားစေး ၃၅ နှစ်၊ ဇနီး နော်လာဒူး ၃၀ နှစ်နဲ့ သမီး နော်ကဲဘလူးမူး နှစ်နှစ်တို့ ထိခိုက် ဒဏ်ရာတွေရရှိခဲ့တယ်။ မုန်းမြို့နယ်၊ သနပ်ကွင်းကျေးရွာဘက်မှာက လက်နက်ကြီး လေးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်။ လက်နက်ကြီးကျည်စထိမှန်လို့ သနပ်ကွင်း ကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကောဝိတ ၇၄ နှစ် ဒဏ်ရာရတယ်။ ကျော်လှကျေးရွာနေ မယူရတီနိုင် ၁၄ နှစ် သေဆုံး၊ နန္ဒမိတ်ကျေးရွာနေ ဦးတင်ထွန်း ၆၀ နှစ်၊ ဒေါ်မြင့် ဌေး ၅၈ နှစ်၊ မမာလာ ၃၅ နှစ်၊ မောင်ပြည်စုံ နှစ်နှစ်တို့ ဦးခေါင်း၊ ခြေလက်နဲ့ ကျောကုန်းတွေမှာ ထိခိုက်ဒဏ်ရာရသွားတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ နေရာအချို့တွင် KNU, PDF တို့နှင့် နစကတပ်များအကြား တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးခြင်းများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မုန်းမြို့နယ်၊ ဗမာငတိုးခင်ကျေးရွာ၌ အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဝဏ္ဏ

ဓာတ်ပုံ – ဒေသခံတစ်ဦး

#ယနေ့ခေတ်

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.