တဲလ်အဗစ်၊ မတ် ၂၄
အစ္စရေးစစ်တပ်က ၎င်းတို့သည် ရှီဖာဆေးရုံကိုစီးနင်းခဲ့ပြီး လူပေါင်း ၈၀၀ ကိုဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူများထဲမှတစ်ဝက်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နှင့် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ Islamic Jihad အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ဂါဇာမြို့ရှိ ရှီဖာဆေးရုံဝန်းကျင်ကို သီတင်းပတ်တစ်ပတ်နီးပါးကြာ စီးနင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ နှင့် ဆက်နွယ်သူအဖြစ် သံသယရှိသူ ၈၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် လူပေါင်း ၄၈၀ နီးပါးက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နှင့် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ Islamic Jihad အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။
အစ္စရေးလေတပ်သည် ပြီးခဲ့သောရက်ပိုင်းတွင် ဂါဇာမြို့လယ်ခေါင်နှင့် မြောက်ပိုင်းရှိ ပစ်မှတ်ပေါင်း ၆၅ ခုကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက ၅ လကျော်ကြာမြင့်လာခဲ့ပြီးနောက် ၃၂,၀၀၀ ကျော်သေဆုံးထားပြီး လူပေါင်း ၇၅,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရသူများသည် ဆေးရုံကိုဗဟိုပြုပြီး ဒရုန်းများလုပ်ကိုင်ဖန်တီးနေကြောင်း အစ္စရေးစစ်တပ်က ပြောသည်။
နိုင်ငံတကာဖိအားများရှိနေသော်လည်း အစ္စရေးသည် ဂါဇာဒေသကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အမေရိကန်နိုင်ငံနှင့်လည်း သဘောထားကွဲလွဲနေသည်။
အစ္စရေးဝန်ကြီးချုပ်က ရာဖယ်မြို့ကိုတိုက်ခိုက်မှသာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်အနိုင်ယူနိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကူညီမပါလျှင်လည်း ရာဖယ်မြို့ကို တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲနိုင်ရန် နိုင်ငံတကာအဖွဲ့စည်းများက တောင်းဆိုနေသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
timesofisrael.com
ရှီဖာဆေးရုံကိုစီးနင်းခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့ဝင် ၅၀၀ နီးပါးကို ဖမ်းဆီးနိုင်ခဲ့ဟု အစ္စရေးအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်