ရန်ကုန်၊ ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လေးလကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၅၃,၀၀၀ ကျော် ဆက်လက်စစ်ရှောင်နေရကြောင်း ဒေသတွင်းစစ်ရှောင်များကိုကူညီပေးနေသည့် ပအို့ဝ်လူငယ်အဖွဲ့အစည်း(Pa-O Youth Organization)၏ ဇွန် ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေနှင့် လွိုင်လင်မြို့တို့တွင် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဇွန် ၈ ရက်နေ့အထိ ရက်ပေါင်း ၁၄၀ အတွင်း စစ်ရှောင်နေရသူ ၅၃,၀၀၀ ဦးနှင့်အထက်တွင်ရှိကြောင်း သိရသည်။
“ ရှမ်း/တောင်မှာဆို တခြားမြို့နယ်တွေထက် ဆီဆိုင်မှာတိုက်ပွဲဖြစ်တာ အဆိုးရွားဆုံးပဲ။ ဒီရက်ပိုင်းအထိလည်း နှစ်ဖက်ပစ်ခတ်မှုတွေရှိနေလို့ အိမ်မပြန်ရဲကြသေးဘူး။ တချို့လည်း တိုက်ပွဲငြိမ်ပြီဆိုပြီး အိမ်ပြန်ရင်း အပစ်ခံရသူတွေလည်းရှိတော့ နေရပ်ပြန်တာ အန္တရာယ်များတဲ့အခြေအနေမှာရှိနေတယ်။ ရှမ်း/တောင်တစ်ခုလုံးမှာဆို ဆီဆိုင်မှာ စစ်ရှောင်နေရတဲ့ပြည်သူအများဆုံးပဲ။ ဆီဆိုင်ပြီးရင်တော့ ပင်လောင်းနဲ့ ဟိုပုံးဘက်မှာလည်း စစ်ရှောင်တွေများတယ်။” ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီနေသူတစ်ဦးက ပြောကြားသည်။
ဒေသတစ်ခုလုံးတွင် စစ်ရှောင်ငါးသောင်းကျော်ရှိသည့်အနက် ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်အများဆုံးဖြစ်ကာ ၎င်းတို့ထဲမှလူဦးရေတစ်သောင်းခွဲခန့်မှာ ကရင်နီပြည်နယ်မှလာရောက် စစ်ရှောင်ကြသူများဟု သိရသည်။
ထို့ပြင် တိုက်ပွဲကြောင့် လေးလကျော်အတွင်း အရပ်သား ၇၇ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၁ ဦးရှိကာ၊ အဆောက်အအုံပေါင်း ၇၀၈ လုံးခန့် ပျက်စီးခဲ့ကြောင်း PYO အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ထိုဒေသတွင် ဇန်နဝါရီလကုန်ပိုင်းမှစ၍ နစကတပ်များနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် PNLA နှင့် PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေ သည်။
ကုလသမဂ္ဂရုံး UN Myanmar ၏ မေလအတွင်းကထုတ်ပြန်ချက်တွင် တိုက်ပွဲများကြောင့် နိုင်ငံအနှံ့တွင် နေရပ်စွန့် ခွာထွက်ပြေးနေရသူ ၃ သန်းကျော်အထိရှိကာ လွန်ခဲ့သော ခြောက်လအတွင်း သိသိသာသာမြင့်တက်လာကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကြုံတွေ့ရမှုနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူအရေအတွက် စံချိန်တင်မြင့်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မောင်ဇော်
ဓာတ်ပုံ – CJ
ပုံစာ – တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် ဆီဆိုင်မြို့နှင့် ဆီဆိုင်မြို့နယ်မှ စစ်ရှောင်များအား ပြီးခဲ့သည့်လပိုင်းက တွေ့ရစဉ်။
ရှမ်း/တောင်တွင် တိုက်ပွဲများကြောင့် ဒေသခံ ၅၃,၀၀၀ ကျော် ဆက်လက်စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်