ရန်ကုန်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့များ၌ လက်နက်ကြီများ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်သုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသ တွင်းကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်က နမ့်ခမ်းမြို့နယ်၊ စခန်းသစ်နားရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲ၌ အိပ်ပျော်နေ သည့် မောင်နှမသုံးဦးအားထိမှန်ကာ နှစ်ဦးသေဆုံးပြီး ၄ နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ ကလေးက လက်တစ်ဖက်ပြတ်ကြေသွားတယ်၊ အဲ့ကလေးကို ရွှေလီဆေးရုံကို နေ့လည်က ပို့ပေးပြီးပါပြီ။ သေသွားတဲ့ ကလေးတွေက ၈ နှစ်နဲ့ ၁၂ နှစ်ပါ၊ အိပ်နေချိန်ကြီး အိမ်ပေါ် တည့်တည့်ကျတယ်ပြောတယ်။” ဟု ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ထို့နောက် နံနက် ၇ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နမ့်ဖက်ကာရပ်ကွက်(၄) မှ ကလေး ငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ထို့နောက် လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သူ ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား နမ့်ဖက်ကာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ဒေသခံ ပရဟိတ အသင်းများ
ရှမ်းမြောက်ဒေသအချို့၌ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်သုံးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်