ရှမ်း(မြောက်)တွင် တိုက်ပွဲပြန်ဖြစ် ဒေသခံများထွက်ပြေးတိမ်းရှောင်ရ

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ယနေ့နံနက်အစောပိုင်းကစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီဝန်းကျင်က ကျောက်မဲမြို့အနီးရှိ စခန်းသာနှင့် ငြိမ်းချမ်းရေးကုန်းတို့၌ နစကတပ်များနှင့် TNLA အဖွဲ့အကြား နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားကာ ကျောက်မဲမြို့ပေါ်တွင်နေထိုင်သူများ နီးစပ်ရာကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

“ မနက် ၆ နာရီကစပြီး သေနတ်သံတွေကြားရတာ။ ဟိုရက်ပိုင်းထဲက တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် ကြောက်လန့်နေကြတော့ တိုက်ပွဲမပြင်းလာခင် အခုထဲက ကြိုပြီးစစ်ရှောင်ကြတာ။ ကျောက်မဲမြို့ထဲလည်း သွားလာသူတောင် မရှိတော့ဘူး။ လူရှင်းပြီး ခြောက်ကပ်နေတယ်။” ဟု ကျောက်မဲမြို့တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ကျောက်မဲမြို့ပေါ်မှ စစ်ဘေးတိမ်းရှောင်သူအများစုမှာ နောင်ပိန်ကျေးရွာအပါအဝင် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ အဆိုပါကျေးရွာများတွင် လူမှုကူညီရေးအဖွဲ့များက စားသောက်ရေးနှင့် နေထိုင်ရေးအတွက် စီစဉ်လျက်ရှိကြောင်း ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာအခြေစိုက် ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲအနီးနှင့် တပ်စခန်းအချို့တို့တွင် တိုက်ပွဲဖြစ်ပွားနေကာ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ နောင်ချိုနဲ့ ပြင်ဦးလွင်ကြား ဘန့်ဘွေး၊ ဆမ္မဆယ်၊ ကျောက်ကြမ်းနဲ့ ကျောက်မဲ- နောင်ချိုလမ်းပိုင်းမှာ အခုမနက် ၁၀ နာရီအထိ ပစ်ခတ်မှုတွေဖြစ်နေပါတယ်။ အဲ့ဒီနားတစ်ဝိုက် ရွာတွေဘက်ကလူတွေ ပြင်ဦးလွင်ဘက်ကို ထွက်ပြေးနေရတယ်။ နှစ်ဖက်အင်အားဖြည့်နေတာတွေရှိတော့ တိုက်ပွဲဆက်ပြီးပြင်းထန်မဲ့သဘောပါပဲ။ နောင်ချိုမြို့ပေါ်တောင် သိပ်စိတ်မချရဘူး။” ဟု နောင်ချိုဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

တိုက်ပွဲများကြောင့် အန္တရာယ်များပြားသဖြင့် ယနေ့နံနက်ပိုင်းတွင် ရှမ်း(မြောက်)ရှိ ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် သီပေါမြို့နယ်မှ နောင်ချိုမြို့နယ်အထိ ခရီးသွားလာသည့်ယာဉ်များ ရောက်သည့်နေရာတွင် ရပ်တန့်ထားသင့်ပြီး စစ်ရေးသတင်းကို မပြတ်သတိပြုသင့်ကြောင်း ကုန်တင်ယာဉ်မောင်းနှင်သူများက သတိပေးထားသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ထိစပ်နေသည့် မိုးကုတ်မြို့၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင်လည်း ယနေ့နံနက်တွင် TNLA , PDF ပူးပေါင်းအဖွဲ့များနှင့် နစကတပ်များ တိုက်ပွဲပြင်းထန်လျက်ရှိကာ ကားလမ်းပိုင်းအချို့လည်း ပိတ်ဆို့နေကြောင်း သိရသည်။

ယမန်နှစ်၊ အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း MNDAA, TNLA နှင့် AA အဖွဲ့တို့ ပူးပေါင်းပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် နစက တပ်များအကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရ၏အကူအညီဖြင့် ယခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဧည့်ဂေဟာ၌ပြုလုပ်သည့် နှစ်ဖက်ဆွေးနွေးပွဲတွင် ယာယီအပစ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ပြီး ရှမ်း(မြောက်)တွင် တိုက်ပွဲများရပ်တန့်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဇွန်လဆန်းပိုင်းမှစ၍ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ဘက်တွင် TNLA နှင့် နစကတပ်များအကြား နှစ်ဖက်စစ်ရေးတင်းမာလာကာ အင်အားဖြည့်တင်းမှုများရှိကြောင်း ပြောဆိုမှုများရှိခဲ့ပြီး၊ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများပြန်ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

Photo – CJ

ယနေ့ခေတ်

ရှမ်း(မြောက်)တွင် တိုက်ပွဲပြန်ဖြစ် ဒေသခံများထွက်ပြေးတိမ်းရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.