ရှမ်း(မြောက်)တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ရှောင်နေရသူ ထောင်ချီရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ အချို့နေရာများတွင် ယနေ့နံနက်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိနေကာ စစ်ဘေးတိမ်းရှောင်နေရသူ ထောင်ချီ၍ရှိကြောင်း ဒေသခံများနှင့် ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။

ယမန်နေ့ညမှစ၍ ယနေ့နံနက်ပိုင်းအထိ ချင်းရွှေဟော်၊ သိန္ဒီ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တို့အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကာ လားရှိုးမြို့မှလည်း ပစ်ခတ်သံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

“ လားရှိုးမှာတော့ ညထဲက တဝုန်းဝုန်းနဲ့ တစ်ခါမှမကြားဘူးတဲ့ အသံတွေတောင် ကြားရတယ်။ ချင်းရွှေဟော်ဘက်ကတော့ ဒီမနက်အထိ တိုက်ပွဲတွေဖြစ်နေတယ်တော့ သိရတယ်။ ဂုတ်တွင်းဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့ ကြားတယ်။ လားရှိုးမြို့ပေါ်တော့ ဒီမနက် အသွားအလာကျဲနေပေမဲ့ ပုံမှန်လိုသွားလာမှုတော့ရှိတယ်။” ဟု လားရှိုးမြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တိုက်ပွဲများကြောင့် ကွတ်ခိုင်၊ သိန္ဒီ၊ ချင်းရွှေဟော်ဒေသများ အပါအဝင် ဒေသအချို့တွင် ဒေသခံထောင်ချီမှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကာ လားရှိုးမြို့အနီးဝန်း ကျင်ရှိ ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်မှာ လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာမန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်း၌ လာရောက်စစ်ရှောင်နေရကြောင်း သိရသည်။

“ လားရှိုးနဲ့ နီးတဲ့သူတွေကတော့ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းကို ပြေးလာကြတယ်။ အဲ့ဒီမှာက ကူညီပေးတဲ့သူတွေရှိတော့ လက်ရှိအထိတော့ သူတို့အတွက် အဆင်ပြေတယ် ပြော ရမယ်။ ဝေးတဲ့ဒေသကသူတွေသာ ပြေးလွှားရတာ ဒုက္ခရောက်ကြတာ။ တချို့ဒေသတွေမှာ တိုက်ပွဲအကြား ပိတ်မိနေသူတွေလည်း ရှိတယ်လို့တော့ သိရတယ်။ ဘယ်နေရာတွေဆို တာသာ အတိအကျမသိရသေးတာ။” ဟု ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားရာ နေရာအချို့၌ ဖုန်းဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်လျက်ရှိနေကြောင်းသိရကာ ဆင်းကဒ်အချို့သာ အသုံးပြု၍ရကြောင်း ဒေ သခံများက ပြောသည်။

ကွမ်းလုံမြို့နှင့် ဟိုပန်မြို့အကြား ဆက်သွယ်ထားသည့် ဖောင်ဆိပ် နမ့်တိန်ချောင်းတံတား ဖျက်ဆီးခံရ၍ ယနေ့နံနက်အထိ ထိုဒေသတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက် ရှိနေကာ ယမန်နေ့က စတင်၍ ပိတ်ထားသည့် လားရှိုးလေဆိပ်မှာလည်း ယနေ့နံနက်အထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ယနေ့နံနက်တွင် လားရှိုး-မန္တလေး လမ်းပိုင်း၌ ခရီးသွားယာဉ်များ သွားလာမှုရှိသော်လည်း နည်းပါးလျက်ရှိကာ လားရှိုးမှ မူဆယ်နှင့် လားရှိုးမှ ချင်းရွှေဟော်လမ်းပိုင်းတွင်မူ ခရီးသွားလာသူ မရှိသလောက် နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာ၌ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရပ်ကွက်၌ အသက် ၈ နှစ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့၍ ထိုဒေသရှိ ဒေသခံများမှာ နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

ယမန်နေ့ နံနက် ၄ နာရီခန့်မှစ၍ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံ့အပြားတွင် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ်(TNLA)နှင့် ရခိုင့်တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခြင်းဟု သိရသည်။

တိုက်ပွဲများဖြစ်ပွားရာတွင် တရုတ်-မြန်မာနယ်စပ်ရှိ ချင်းရွှေဟော်မြို့တွင် အပြင်းအထန်ဆုံးဖြစ်ကာ မြို့တွင်းပစ်ခတ်မှုများရှိကြောင်း၊ ယနေ့နံနက်ပိုင်းအထိ လက်နက်ကိုင်ပူးပေါင်း အဖွဲ့က မြို့ကိုထိန်းချုပ်ထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲများဖြစ်ပွါးမှုအပေါ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယမန်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ရာတွင် နစကတပ်များက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် မိမိတို့အဖွဲ့ အစည်းများအပေါ် နေ့၊ညတိုက်ခိုက်နေမှု၊ တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖျန့်(ခေါ်) အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကျယ်ပြန့်လာသည့်အတွက်များကြောင့် နှိမ်နင်းရန် တိုက် ခိုက်ခြင်းဟု ပြောကြားပြီး Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို ဆောင်ရွက်ခြင်းဟု ၎င်းတို့ကထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီး တစ်ခုဖြစ်သည့် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်းနှစ် ခုအား ယမန်နံနက် ၆ နာရီမှစ၍ အရေးပေါ်ပိတ်လိုက်ပြီး မည်သည့်အကြောင်းပြချက်ဖြင့်မှ သွားလာခွင့်မပြုဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တိုက်ပွဲအခြေအနေများနှင့် ပတ်သတ်၍ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ညပိုင်းက BBC သတင်းဌာနသို့ ပြောကြားရာ တွင် နယ်စပ်အွန်လိုင်းလိမ်လည်မှုများအား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်၍ နှိမ်းနင်းလျက်ရှိနေကြောင်းနှင့် ချင်းရွှေဟော်အပါအဝင် ဆုံးရှုံးသွားသည့်စခန်းများအား ပြန်လည်ရရှိရန် ဆောင်ရွက်လျက်ရှိနေကြောင်း ဖြေကြားထားသည်။

နှစ်ဖက်တိုက်ပွဲများအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်းက ယမန်နေ့က ပေကျင်းရှိ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် သဘောထားကွဲ လွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် ပြဿနာမကြီးထွားစေရန် သက်ဆိုင်ရာအင်အားစုများအား တရုတ်နိုင်ငံကတောင်းဆိုသည်ဟု ပြောကြားကြောင်း နိုင်ငံတကာသတင်းများ အရ သိရသည်။

သတင်း – မောင်ဇော်

ဓါတ်ပုံ – စီဂျေ

ပုံစာ – ယမန်နေ့ တိုက်ပွဲများကြောင့် ပျက်စီးမှုများနှင့် ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်အချို့အား တွေ့ရစဉ်

#ယနေ့ခေတ်

ရှမ်း(မြောက်)တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ရှောင်နေရသူ ထောင်ချီရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.