ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေသော်လည်း တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်အတွက် ဟိုတယ်အခန်းများ ကြိုတင်မှာယူမှု ပြည့်နေပြီဖြစ် ကြောင်း ယနေ့ခေတ်မှ စုံစမ်းသိရှိရသည်။
အဆိုပါ မီးပုံပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ အထိ တစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နှစ်နှစ်ကျော်ရပ်နားခဲ့ရာမှ ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
“ အခန်းတွေကတော့ ၂၇ ရက်နေ့ထိ ပြည့်သွားပါပြီ။ ၂၈ ရက်နေ့မှ ရပါမယ်။” ဟု တောင်ကြီးဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဟိုတယ်ပေါင်း ၃၀၀ ကျော်ရှိပြီး၊ အခန်းပေါင်း တစ်သောင်းခွဲရှိကာ အဆိုပါအခန်းအားလုံးနီးပါး ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။
တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အကျဉ်းချုံးကျင်းပခဲ့ကြောင်း၊ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမီးပုံးပျံပွဲတော်တွင် ညမီးကြီးမီးပုံးပျံ၊ ရောင်စုံမီးပန်း၊ မသိုးသင်္ကန်းရက်လုပ်ခြင်းများ ပါဝင်မည်ဖြစ်ပြီး ညလွှတ်မီးပုံးပျံ ၆၃ လုံး လွှတ်တင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ညမီးတွင် ရောင်စုံမီးပန်း အားလုံးပေါင်း ၃၈ လုံး၊ ဘေးတွင် မီးပုံးလေးများချိတ်၍လွှတ်သည့် စိန်နားပန်မီးပုံးပျံ ၂၅ လုံးလွှတ်တင်မည်ဖြစ်ကာ၊ တစ်ရက်လျှင် မီးပုံးရှစ်လုံးလွှတ်တင်မည်ဖြစ် ကြောင်း သိရသည်။
“ အခုကတော့ စောင့်ကြည့်နေကြတယ်ထင်တယ်။ သိပ်တော့ ခရီးစဉ်ဝယ်တာတွေမရှိဘူး။ ပြည်တွင်းက ခရီးသွားကပိုများနေတယ်။” ဟု ပြည်ပခရီးသွား အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြည်ပခရီးသွားဧည့်သည်အချို့ စောင့်ကြည့်နေမှုများရှိနေကြောင်း ခရီးသွားအေဂျင်စီများ၏ ပြောပြ ချက်အရ သိရသည်။
ဓာတ်ပုံ – Hla Aung
ရှမ်းမြောက်တိုက်ပွဲများဖြစ်နေသော်လည်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် ဟိုတယ်များအခန်းပြည့်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်