ရှမ်းမြောက်တိုက်ပွဲများအတွင်း ပရဟိတကားတစ်စီးထိမှန် အသင်းသားနှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်များပိတ်မိနေခြင်းကြောင့် လူမှုကူညီရေးအသင်းများက သွားရောက်ကူညီခေါ်ဆောင် လျက်ရှိရာ နှလုံးလှ လူမှုကူညီရေးအသင်းမှ ကားတစ်စီးကို ကျည်ထိမှန်ကာ အသင်းသားနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ နေ့လည် ၂ နာရီခန့်က မူဆယ် ၁၀၅ မိုင် စက္ကူစက်ရုံနားတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်လူဦးရေ ၃၀၀ ခန့် ပိတ်မိနေရာ၊ လူမှုကူညီရေးအသင်းကားများ သွား ရောက်ခေါ်ဆောင်ရာမှ နှလုံးလှ လူမှုကူညီးရေးအသင်းကားကို ကျည်ထိမှန်ကာ အသင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မနက် ၈ နာရီကနေစပြီး ကယ်ဆယ်ရေးလုပ်တယ်။ ၁၁ နာရီမှ နှစ်ခေါက်ရတယ်။ ၁၂ နာရီမှာ တုန်ချန်လမ်းမှာ ပိတ်မိနေတယ်။ နေ့လည် ၂ နာရီမှာ ယာဉ်တန်းကား နှလုံးလှ လူမှုကူ ညီရေးကားပေါ့၊ ပစ်ခတ်ခံရလို့ နှစ်ဦးထိတယ်။ မစိုးရိမ်ရဘူး။ စစ်ဘေးရှောင်ကြတာတော့ တစ်ချို့ဆို နီးစပ်ရာအိမ်တွေကို သွားကြတာပေါ့။ အခုထိ တိုက်ပွဲကဖြစ်နေတုန်း။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ယနေ့ နေ့လည်အထိ စစ်ဘေးရှောင် ၃၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ပိတ်မိနေ သည့် ပရဟိတကားများလည်းရှိနေကြောင်း သိရသည်။

“မူဆယ်နဲ့ ၁၀၅ မိုင်ဆိုတာ မိသားစုတွေပဲဆိုတော့ အမျိုးတွေဆီမှာနေတဲ့သူက နေပေါ့။ အသိမိတ်ဆွေတွေအိမ်ကို သွားနေကြတယ်။ တချို့ကတော့ နမ့်ခမ်းစစ်ရှောင်စခန်းကို သွား ကြတယ်။ ကျွန်တော်တို့ခန့်မှန်းကတော့ ၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ အခုဆို ၁၀၅ မိုင်၊ စက္ကူစက်ရုံနားမှာလဲ ပစ်ခတ်မှုတွေဖြစ်နေတာဆိုတော့ ကျွန်တော်တို့ ကယ်ဆယ်ရေး သွားတဲ့ အသင်းကားတွေက ပြန်လာနေပြီ။ မူဆယ်နဲ့ ၁၀၅မိုင်ကြား တိုက်ပွဲဖြစ်နေတဲ့နေရာကကားတွေ ပြန်လာလို့မရသေးဘူး။” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ အသင်းဝင် တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း မူဆယ်နှင့် ၁၀၅ မိုင်ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် အရပ်သားတစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရှိကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ကမ်းလက်လူမှုကူညီရေးအသင်း (မူဆယ်)

#ယနေ့ခေတ်

ရှမ်းမြောက်တိုက်ပွဲများအတွင်း ပရဟိတကားတစ်စီးထိမှန် အသင်းသားနှစ်ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.