ရှမ်းပြည်မှ ကြက်သွန်ဖြူ(ရှမ်းဥ) ဈေးနှုန်းနှစ်ဆမြင့်တက်၊ ဆိုင်အချို့ ပစ္စည်းပြတ်နေ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁

ရန်ကုန်ကြက်သွန်ဖြူ လက္ကားဈေးကွက်အတွင်း ရှမ်းပြည်နယ်မှ တင်ပို့လာသည့် ကြက်သွန်ဖြူ(ရှမ်းဥ) ဈေးနှုန်းများ နှစ်ဆမြင့်တက်သွားပြီး အချို့လက္ကားဆိုင်များ၌ ကြက်သွန်ဖြူ (ရှမ်းဥ)များ ပစ္စည်းပြတ်လပ်နေကြောင်း ကြက်သွန်ဖြူ လက္ကားအရောင်းဆိုင်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်အတွင်း ကြက်သွန်ဖြူ(ရှမ်းဥ) လက္ကားဈေး တစ်ပိဿာလျှင် ၇၅၀၀ ကျပ်သာရှိရမှ ယခုနိုဝင်ဘာလ ပထမပတ်အတွင်း ၁၅၀၀၀ ကျပ်အထိ ဖြစ်လာပြီး ကြက်သွန်ဖြူဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြစ်သည့် ကြက်သွန်ဖြူ(ဗမာဥ) မှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်သာရှိသဖြင့် ကြက်သွန်ဖြူ(ရှမ်းဥ)သည် (ဗမာဥ)ထက် ဈေးပိုမြင့်လာကြောင်း သိရသည်။

“ကြက်သွန်ဖြူ(ရှမ်းဥ)က ဈေးတော်တော်မြင့်သွားတယ်။ ဒါတောင် ကျွန်မတို့ကို ခွဲတမ်းနဲ့ပဲ ရောင်းပေးတာ။ ဈေးတက်သွားတာ တစ်ပတ်လောက်ရှိပြီ။ ရှမ်းပြည်ဘက်က တိုက်ပွဲ တွေဖြစ်ပြီး လမ်းတွေပိတ်ထားတော့ ကြက်သွန်ဖြူ (ရှမ်း ဥ)နဲ့ တရုတ်ဘက်က ကြက်သွန်တင်ကားတွေ မဝင်တော့ (ရှမ်းဥ) ဈေးက အဲဒီလောက်အထိ ဖြစ်သွားတယ်။ တချို့ဆိုင် တွေဆို ခွဲတမ်းမရလို့ (ရှမ်းဥ)တွေ မရောင်းတော့ဘူး။ ဈေးကထပ်တက်နိုင်တယ်။” ဟု ရန်ကုန်မြို့မှ ကြက်သွန်ဖြူ လက္ကားရောင်းချသူတစ်ဦးက ပြောသည်။

ကြက်သွန်ဖြူ(ရှမ်းဥ)များ ဈေးနှုန်းအဆမတန်မြင့်တက်လာသဖြင့် ညောင်ပင်လေးဈေးမှ ကြက်သွန် လက္ကားအရောင်းဆိုင်များသည်ပင် ပြင်ပလက္ကားဆိုင်များမှ လိုက်လံဝယ်ယူ နေရပြီး လက်ရှိဈေးကွက်အတွင်း ကြည်သွန်ဖြူ လက္ကားပေါက်ဈေးများမှာ ကြက်သွန်ဖြူ(ဗမာဥ) သန့်ပြီးသား-ထူးလွန်ရှယ် တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ထူးလွန် – ၁၃၀၀၀ ကျပ်၊ ထူး ၅ – ၁၂၀၀၀ ကျပ်၊ ထူး ၄ – ၁၁၀၀၀ ကျပ်၊ ထူး ၃ – ၁၀၅၀၀ ကျပ်၊ ထူး ၂ – ၁၀၀၀၀ ကျပ်၊ ကြူကုတ်(ရှမ်းဥ) ၁၅၀၀၀ ကျပ် အသီးသီးဖြစ်ကြောင်း သိရသည်။

ကြက်သွန်ဖြူ(ရှမ်းဥ) ကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရှမ်း-တောင်ပိုင်းတွင် နှစ်စဉ် ဧက ၄၀၀၀၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။

ကြက်သွန်ဖြူကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး တစ်နှစ်လျှင် တစ်သီးသာစိုက်ပျိုးနိုင်၍ ဖေဖေါ်ဝါရီလကုန်နှင့် မတ်လတို့တွင် ထွက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအနှံ့အပြားတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိုနေ့နံနက် ၆ နာရီတွင် လားရှိုးမှ ချင်းရွှေဟော်၊ လားရှိုးမှ မူဆယ်စသည့် ပြည်ထောင်စုလမ်းမကြီးများကို ပိတ်ထားလိုက်သဖြင့် ပြည်တွင်းကုန်စည်စီးဆင်းမှုနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးရပ်တန့်သွားခဲ့ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ရှမ်းပြည်မှ ကြက်သွန်ဖြူ(ရှမ်းဥ) ဈေးနှုန်းနှစ်ဆမြင့်တက်၊ ဆိုင်အချို့ ပစ္စည်းပြတ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.