ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ပြောင်းစိုက်တောင်သူများ အခက်တွေ့နေ

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး ယခုပြောင်းစိုက်ရာသီ၌ တောင်သူများအခက်တွေ့နေကြောင်း သိရသည်။

လက်ရှိကာလသည် ပြောင်းစိုက်ရာသီဖြစ်ပြီး ပြောင်းကို ရှမ်းပြည်နယ်၌ အဓိက အများဆုံးစိုက်ပျိုးလေ့ရှိသည်။

အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်း၊ မြို့နယ်အချို့၌ တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပြည်ထောင်စုလမ်းမကြီးများ ပိတ်ထားရခြင်း၊ တံတားများ ကျိုးကျပျက် စီးသွားခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

“ဘယ်သူမှ အဆင်မပြေဘူးဗျ။ လမ်းတွေပိတ်ထား၊ တံတားတွေလဲကျိုးနေတော့ ကျွန်တော်တို့ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ် တကြောလုံး ပြောင်းစိုက်တဲ့သူတွေ အဆင်မပြေကြဘူး။ ပြောင်းမျိုးစေ့တို့၊ ဓာတ်မြေဩဇာတို့က တရုတ်နိုင်ငံဘက်က အများဆုံးဝင်လာတာ လမ်းတွေပိတ်နေတော့ ဒါတွေသွင်းလို့မရတော့ဘူး။ ဒီနှစ်က ပြောင်းအထွက်နည်းသွားလိမ့်မယ်။ လာမယ့်နှစ်လပိုင်းဆို ပြောင်းချိုးပြီး ထိုင်းနဲ့ တရုတ်ကို ပို့ရတော့မှာ။ လမ်းတွေက ဘယ်တော့ပြန်ဖွင့်မယ် မသိရဘူး။” ဟု ကွတ်ခိုင်မှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး ပြောင်းစိုက်ပျိုးမှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်၌ စိုက်ပျိုး ကြကြောင်း သိရသည်။

“ပြောင်းက ရှမ်းမြောက်ပိုင်းမှာ အစိုက်များတယ်။ မနှစ်ကလဲ ပြောင်းဈေးကျတဲ့အတွက် ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်ကြတယ်။ ကျွန်တော် မနှစ်က ဧကတစ်ရာကျော် စိုက်တယ်။ ဒီနှစ်မှာ ပြောင်းစိုက်တာ ဧက ၉၀ တောင်မပြည့်ဘူး။” ဟု ရှမ်းပြည်နယ်မှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

လာမည့် ၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံသို့ ပြောင်းတင်သွင်းခွင့်ခွဲတမ်းသည် မက်ထရစ်တန် ၇ ဒသမ ၂ သန်းဖြစ်ပြီး အဆိုပါပမာဏအနက် ၆၀ ရာခိုင်နှုန်းကို နိုင်ငံပိုင်လုပ်ငန်းများမှ တင်သွင်းခွင့်ရပြီး ကျန် ၄၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း

#ယနေ့ခေတ်

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ပြောင်းစိုက်တောင်သူများ အခက်တွေ့နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.