ရှမ်းပြည်မြောက်ပိုင်မှ စစ်ဘေးရှောင်များအတွက် ကန်ဒေါ်လာတစ်သန်း အသုံးပြုမည်ဟု UNOCHA ဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များအတွက် ကန်ဒေါ်လာတစ်သန်း အသုံးပြုသွားမည်ဖြစ်ကြာင်း လူသားချင်းဆိုင်ရာစာနာမှုအဖွဲ့အစည်း UNOCHA ၏ ကနဦးအစီရင်ခံစာ အရ သိရသည်။

UNOCHA သည် ယခင်က ရန်ပုံငွေ လုံလောက်စွာ မရရှိခဲ့သဖြင့် လူသားချင်းဆိုင်ရာ ကူညီမှုအတွက် ကြပ်တည်းစေခဲ့ပြီး လတ်တလောတွင် နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအ တွက် လိုအပ်သည့်ငွေကြေး၊ အခြေခံစားနပ်ရိက္ခာ၊ မရှိမဖြစ်လိုအပ်နေသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုလာလ ၂၆ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၂၂ ခုအနက် အနည်းဆုံး မြို့နယ် ၉ ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် လူဦးရေ ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“စစ်ရှောင်စခန်းတွေမှာက လိုအပ်ချက်တွေ အများကြီးရှိတယ်။ ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်တော့ ဒေသခံတွေက မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦတွေမှာ စစ်ရှောင်နေရတယ်။ အကူညီအထောက်ပံ့တွေရရင်တော့ ပိုကောင်းတာပေါ့။ ခက်တာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတဲ့ လမ်းပိုင်းတွေကို အသုံးပြုခွင့်မပေး တဲ့အတွက် သူတို့လာကူညီရင် ဘယ်လိုလာမလဲ။ ဒီဘက်မှာက ရာသီဥတုအေးလို့ စစ်ရှောင်တွေအတွက် အနွေးထည်နဲ့ စောင်တွေ အရေးပေါ်လိုအပ်တယ်။” ဟု လားရှိုးမြို့ရှိ စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံတစ်ဦးက ပြောသည်။

ပဋိပက္ခဒဏ်သင့် ပြည်သူများကို ဝင်ရောက်ကူညီနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက တိုက်ပွဲများကိုရပ်ပြီး အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုရန် အရေးကြီးသည်ဟု UNOCHA မှ တောင်းဆိုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နှင့် လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးများကို အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ပိတ်ထားလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်သွားသလို အခြေခံစားသောက်ကုန်များနှင့် အခြားလူသုံးကုန်စည်များ ဈေးနှုန်းအဆမတန်မြင့်တက်လာကြောင်း မူဆယ်မြို့ ရှိ ဒေသခံတစ်ဦးက ပြောသည်။

“မူဆယ်မှာက ဆန်ဈေးက နှစ်ဆနီးပါးလောက် ဖြစ်သွားတယ်။ တိုက်ပွဲတွေ မဖြစ်ခင်က ဆန်တစ်အိတ်ကို တစ်သိန်းခွဲဆိုရင်ရတယ်။ အခု ဆန်တစ်အိတ်ကို သုံးသိန်းနီးပါး ဖြစ်နေ တယ်။ ကြက်ဥတစ်လုံးကို အရင်က သုံးရာ။ အခု တစ်ထောင်ဖြစ်သွားတယ်။ မန္တလေးဘက်ကကုန်ကားတွေလည်း လမ်းပိတ်နေတော့ လာလို့မရဘူး။ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှာလဲ တရုတ်ဘက်ကိုပို့မယ့် ကုန်ကားတွေ သွားလို့မရဘူး။ ကုန်ကားတွေ ရာနဲ့ချီပြီး ရပ်ထားရတယ်။” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

ထောက်ပံ့ပေးအပ်လိုက်သည့် အကူအညီများသည် ကြီးမားသော လိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်ရန် မလုံလောက်သေးပဲ ဝင်ရောက်ကူညီရေးနှင့် သွားလာရေးမှာလည်း အလွန်အမင်းခက်ခဲနေပြီး တင်းကြပ်ထားသည့် လုံခြုံရေးအစီအမံများကြောင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်မီမရရှိသဖြင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်း အစီရင်ခံစာဖော်ပြချက်အရ သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရှမ်းပြည်မြောက်ပိုင်မှ စစ်ဘေးရှောင်များအတွက် ကန်ဒေါ်လာတစ်သန်း အသုံးပြုမည်ဟု UNOCHA ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.