ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသအများအပြား၌ ယနေ့နံနက်တွင် တိုက်ပွဲများ ပြင်းထန်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့အပါအဝင် ဒေသအများအပြား၌ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကာ နှစ်ဖက်ပစ်ခတ်သံများကိုကြားရပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူများလည်းရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

ယနေ့နံနက် ၄ နာရီခန့်မှစ၍ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံ့အပြားတွင် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ်(TNLA)နှင့် ရခိုင့်တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခြင်းဟု သိရသည်။

“ လားရှိုးမှာတော့ မနက် ၄ နာရီထဲက တဝုန်းဝုန်းနဲ့ ပစ်ခတ်သံတွေ စကြားရတာ။ တိုးဂိတ်အပါအဝင် နေရာအနှံ့အပြားမှာ တရစပ်ကို ပစ်ခတ်ကြတာ။ ဒီမနက် ၁၀ နာရီကျော်အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။” ဟု လားရှိုးမြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့နံနက် ဖြစ်ပွားသည့် တိုက်ပွဲများတွင် တရုတ်-မြန်မာနယ်စပ်ရှိ ချင်းရွှေဟော်မြို့တွင် အပြင်းအထန်ဆုံးဖြစ်ကာ မြို့တွင်းပစ်ခတ်မှုများရှိကြောင်း၊ ယနေ့နံနက်ပိုင်းအထိ လက် နက်ကိုင်ပူးပေါင်းအဖွဲ့က မြို့ကိုထိန်းချုပ်ထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲများဖြစ်ပွားမှုအပေါ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ရာတွင် နစကတပ်များက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် မိမိတို့အဖွဲ့အစည်းများအပေါ် နေ့၊ညတိုက်ခိုက်နေမှု၊ တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖျန့်(ခေါ်) အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကျယ်ပြန့်လာသည့်အတွက်များကြောင့် နှိမ်နင်းရန် တိုက်ခိုက်ခြင်းဟု ပြောကြားပြီး Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို ဆောင်ရွက်ခြင်းဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီးတစ်ခုဖြစ်သည့် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်း ၂ ခု အား ယနေ့နံနက် ၆ နာရီမှစ၍ အရေးပေါ်ပိတ်လိုက်ပြီး မည်သည့်အကြောင်းပြချက်ဖြင့်မှ သွားလာခွင့်မပြုဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် လားရှိုးမြို့အပါဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအများအပြားတွင် ဒေသခံများထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ထိခိုက်သေဆုံးသူများနှင့် ဒဏ် ရာရသူများလည်းရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲများနှင့် ပတ်သတ်၍ ယနေ့နံနက် ၁၁ နာရီခွဲအထိ နစကဘက်မှ တရားဝင်သတင်းထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသအများအပြား၌ ယနေ့နံနက်တွင် တိုက်ပွဲများ ပြင်းထန်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.