ရန်ကုန်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လားရှိုးလေဆိပ်၌ အတက်အဆင်းဂိတ်များ ယာယီပိတ်ထားကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ လက်နက်ကိုင်သုံးဖွဲ့နှင့် နစကတို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လားရှိုးလေဆိပ်အား ယာယီပိတ်ထား ကြောင်း သိရသည်။
“ လေဆိပ်လည်း ပိတ်လိုက်ပါတယ်၊ အခုက ကားလမ်းတွေ မြို့အဝင်ဂိတ်တွေလည်း ပိတ်ထားပါတယ်၊ အဲ့ဒီကားလမ်းပိတ်တဲ့ နေရာတွေမှာ ခရီးသွားကားတွေရော၊ ကုန်ကားတွေ ရော၊ ပရဟိတကားတွေရော ပိတ်နေတာလေ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ အရေးပါသည့် လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးနှင့် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးတို့အား အရေးပေါ် ပိတ်ပင်ထားကြောင်း ကိုးကန့်အဖွဲ့ MNDAA က ယနေ့နံနက်ပိုင်းက ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် စသည့်ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဟိုပန်မြို့ မှ ချင်းရွှေဟော်သို့ ဆက်သွယ်ထားသည့် နမ့်တိန်ချောင်းတံတားမှာလည်း မိုင်းကွဲပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး AT တံတား ဟိုပိတ်တိုးဂိတ်မှာလည်း မိုင်းကွဲပျက်စီးသွားသဖြင့် ဖြတ်သန်းသွားလာခွင့်အား ယနေ့ နံနက် ၆ နာရီ ဝန်းကျင်မှစတင်ကာ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
လမ်းပိတ်ဆို့မှုများကြောင့် ပရဟိတအသင်းများ၏ကားများ ပိတ်မိနေကာ ဒေသတွင်းကျန်ရှိနေခဲ့သည့် မိသားစုဝင်များ၏ နေ့စဥ်စားဝတ်နေရေးအတွက် အခက်အခဲများရှိကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
“ ပရဟိတသမားတွေက ကြုံရာကျပန်း လုပ်စားနေကြတာလေ။ အခုက ပိတ်မိနေတာနဲ့ တစ်နေ့စားစရာအတွက် အဆင်မပြေတော့ဘူးလေ။ နောက်ပြီး ဒီလိုတိုက်ပွဲဖြစ်နေချိန်မှာ ကားတစ်စီး အဲ့လိုပိတ်မိနေတာကလည်း အသင်းအတွက်လည်း အခက်အခဲဖြစ်တယ်။” ဟု ဒေသခံပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါပိတ်မိနေသည့် လမ်းကြောင်းအတွင်း ကုန်ကားများ၊ ခရီးသည်တင်ယာဥ်များ၊ အိမ်စီးကားများ၊ ပရဟိတကားများ၊ များစွာပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်ထောင်စုလမ်းမကြီး အရေးပေါ် ပိတ်ထားတဲ့ ကာလအတွင်း ထုတ်ပြန်အသိပေးချက်ကို မလိုက်နာပဲ ဖြတ်သန်းသွားမည်ဆိုပါက ရန်သူ၏ သယ်ယူပို့ဆောင်ရေးယာဉ်တန်း အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာတိုက်ခိုက်ချေမှုန်းသွားမည်ဟု MNDAA ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါလမ်းမကြီးအား ပြန်လည်အသုံးပြုနိုင်မည့် အချိန်ကိုလည်း ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – စီဂျေ
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် လားရှိုးလေဆိပ်နှင့် ပြည်ထောင်စုလမ်းမကြီးများ ယာယီပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်