ရန်ကုန်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တရုတ်−မြန်မာနယ်စပ်တစ်လျှောက်တွင် အခြေချလုပ်ကိုင်နေသည့် အွန်လိုင်းငွေကြေးလိမ်လည်စင်တာများကို အပြီးဖျက်သိမ်းနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ယမန်နေ့(နိုဝင်ဘာ ၂၁ ရက်)က ကြေညာသည်။
အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သူ ကျားဖြန်များသည် မြန်မာ-တရုတ်နယ်စပ်တွင်အခြေချ၍ အဓိကလုပ်ကိုင်ကြခြင်းဖြစ်သည်။
ယခုအခါ ၎င်းတို့အခြေချလုပ်ကိုင်ရာနေရာများကို အပြီးသတ်ဖျက်ဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ကြေညာချက်အရ သိရသည်။
“ အဓိက ကျားဖြန်တွေလုပ်တာက နယ်စပ်မှာပဲ။ မူဆယ်မှာလည်းရှိတယ်၊ ‘ဝ’ မှာလည်းရှိတယ်။ သူတို့က တကမ္ဘာလုံးကိုလိမ်တာ။ အဆိုးဆုံးအထိနာတာက တရုတ်နဲ့ ဖိလစ်ပိုင်။ ကျားဖြန်ကိုလုပ်နေတာကလည်း တရုတ်တွေပဲ။” ဟု လောက်ကိုင်ရှိ ကျားဖြန်လုပ်ငန်းတွင် လုပ်ခဲ့ဖူးသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်သူ ၁,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ တရုတ်လူမျိုး ၇၆၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ‘ဝ’တပ်ဖွဲ့(UWSA) ပြောခွင့်ရက AFP သတင်းဌာနသို့ ဖြေကြားခဲ့သည်။
၎င်းတို့အနက် ကျန်ရှိသူ ၃၀၀ ကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ပြီး စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။
တရုတ်−မြန်မာ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးအစီအစဉ်ကို ပြီးခဲ့သည့်နှစ်အတွင်းကစတင်ခဲ့ပြီး ဆက်တိုက်ဖမ်းဆီးခဲ့သော်လည်း မပပျောက်သေးပဲ ဆက်လက်တွင်ကျယ်နေခြင်းဖြစ်သည်။
#စုစု
ဓာတ်ပုံ – Wa State TV
#ယနေ့ခေတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အခြေချလုပ်ကိုင်နေသည့် ငွေကြေးလိမ်လည်စင်တာများ အပြီးဖျက်သိမ်းနိုင်ခဲ့ဟု တရုတ်ကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်