ဘန်ကောက်၊ ဧပြီ ၈
ရှမ်းပြည်နယ်တွင် တရုတ်ရွှေတူးဖော်မှုကြောင့် ကိုးမြစ်အတွင်း အာဆင်းနစ်ပမာဏ အလွန်အကျွံပါဝင်နေသော ကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များရှိ ကိုးမြစ်တ လျှောက်နေထိုင်သူများ မြစ်မှရေကိုသုံးစွဲခြင်းမပြုရန် အကြံပြုထားကြောင်း သိရသည်။
အဆိုပါအဆိပ်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မိုင်းဆိုင်းမြို့၌ တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော ရွှေတူးဖော်ရေးလုပ်ငန်းများမှ ထွက်ပေါ်လာသည်ဟု ပညာရှင်များက ယူဆသည်။
ချင်းမိုင်မြို့ရှိ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးရုံးမှဒါရိုက်တာ အာဗီရာ ပါကာမတ်က မယ်အိုက်ခရိုင်၊ ကိုးချောင်းမြစ်မှ ရေနမူနာများကို တာဝန်ရှိသူများက မတ်လ ၁၉ ရက်တွင် စမ်းသပ်ရယူခဲ့ရာ အာဆင်းနစ်ပါဝင်မှုသည် ဘေးကင်းသည့်အဆင့်ထက် နှစ်ဆဖြစ်နေသည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
သဘာဝရေစီးကြောင်းများတွင် အာဆင်းနစ်စံနှုန်းသည် 0.01mg/L ဖြစ်သော်လည်း ကိုးမြစ်မှနမူနာများတွင် ကျန်းမာရေးကိုထိခိုက်စေသည့် 0.026mg/L ပါရှိနေသည်ကို တွေ့ရှိရကြောင်း၊ အာဗီရာကပြောကြားရာတွင် မြစ်အတွင်းရှိရေသည် ပုံမှန်ထက် ကိုးဆခန့်တိမ်ကောနေသည်ဟု ဆိုသည်။
အာဗီရာက အာဆင်းနစ်ပါ၀င်သောရေကို သောက်သုံးခြင်းသည် အစာအိမ်နာခြင်းကို ဖြစ်စေနိုင်သော်လည်း ရေကိုပုံမှန်သောက်သုံးပါက ခန္ဓာကိုယ်အတွင်း အာဆင်းနစ်များစုပုံလာကာ ကင်ဆာဖြစ်စေနိုင်ကြောင်း သတိပေးသည်။
အာဆင်းနစ်နှင့်ထိတွေ့ခြင်းသည် အရေပြားယားယံခြင်းကိုလည်း ဖြစ်စေသည်။ ချင်းရိုင်ခရိုင် သံလွင်မြစ်မှ ရေနမူနာများ၏ စမ်းသပ်မှုရလဒ်များကို လာမည့်နှစ်ရက်အတွင်းရရှိမည်ဟု မျှော်လင့်ထားသည်။
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့တစ်ခု၏အဆိုအရ ရှမ်းပြည်နယ်တွင် ရွှေတူးဖော်သည့်လုပ်ငန်းသည် ၂၀၂၀ ခုနှစ်အထိ တရုတ်ကုမ္ပဏီများ ရွှေရှာဖွေရန်ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိတွင် တရုတ်ကုမ္ပဏီလေးခုသည် မိုင်းဆိုင်းတွင် ကိုးကန့်မြစ်အနီးရှိ တွင်းဖွင့်ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ တရုတ်နိုင်ငံသား ၃၀၀ ကျော်သည် ရွှေတွင်းများတွင် ၂၄ နာရီပတ်လုံး အလုပ်လုပ်ကြသည်။ ရွှေတူးဖေါ်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုသည့်ရေများကို ကိုးမြစ်မှထုတ်ယူကာ အသုံးပြုပြီးသည့်နောက် ပြန်လည်သန့်စင်ခြင်းမရှိဘဲ မြစ်ထဲသို့ တိုက်ရိုက်ပြန်လည် စွန့်ပစ်ခဲ့သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
Ref: Thai PBS World
#ယနေ့ခေတ်
ရှမ်းပြည်နယ်တွင် တရုတ်ရွှေတူးဖော်မှုကြောင့် ကိုးမြစ်အတွင်း အာဆင်းနစ်များပြားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်