ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းလိုက်ကြောင်း ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ထားခြင်း ဥပဒေ ပုဒ်မ ၅ (စ)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် မေ ၃၀ ရက်မှ သြဂုတ် ၂၇ ရက်အထိ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်ခြင်း၊ ပါတီဝင်အင်အား ပြည့်မီရေးအတွက် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသော အင်အားစာရင်းအား တင်ပြနိုင်မှုမရှိခြင်းတို့ကြောင့် ပါတီအားဖျက်သိမ်း ခြင်းဟု ထုတ်ပြန်ချက်အရ သိရသည်။

“ ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ပါတယ်။” ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တွင် ရေးသားထားသည်။

ပါတီဖျက်သိမ်းခံရခြင်းနှင့် ပတ်သတ်၍ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ယနေ့ခေတ်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

အဆိုပါ ပါတီသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့၊ တုံချန်ရပ်ကွက် (၁) ၊ ကြည်ရှန်လမ်းတွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားပြီး နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုရန် ယခုနှစ်၊ မတ်လ ၂၄ ရက်က ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ပြီး၊ မေလ ၃၀ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ အသစ်ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀,၀၀၀)ကို စည်းရုံးရမည်ဖြစ်ကာ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀)ကို စည်းရုံးထားရမည်ဟု ပါဝင်သည်။

ယခုလအထိ ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်ပါတီပေါင်း ၄၀ ကျော်ရှိကာ ထိုမှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီများအနက်မှ ရှမ်းပြည်ကိုး ကန့်ဒီမိုကရက်တစ်ပါတီမှာ ပြန်လည်ပယ်ဖျက်ခံရသည့် ပထမဆုံးပါတီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသ၌ အောက်တိုဘာ ၂၇ ရက်မှစ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေစဉ် ကိုးကန့်ဒေသအခြေစိုက် ရှမ်းပြည်ကိုးကန့်ဒီမိုက ရက်တစ်ပါတီအား သတ်မှတ်ထားသည့် ပါတီဝင်ဦးရေ မပြည့်မီသောကြောင့်ဟုဆိုကာ ပယ်ဖျက်ခဲ့ခြင်းဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၁၅ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲခဲ့ကာ ၎င်း၏နေရာတွင် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

#မောင်ဇော်

Photo – UEC

#ယနေ့ခေတ်

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.