ရှစ်လအတွင်း YBS ယာဉ်များ အရေးယူမှု တစ်သောင်းခြောက်ထောင်ကျော်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်မြို့အတွင်းပြေးဆွဲနေသည့် YBS ယာဉ်များ စည်းကမ်းဖောက်ဖျက်သည့်အတွက် အရေးယူထားသည်မှာ ရှစ်လအတွင်း အမှုပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၅ ရက်အထိ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်များကို အရေးယူခဲ့ရာ အမှုပေါင်း ၁၆,၆၉၉ ရှိကြောင်း သိရသည်။

“ခရီးသည်တိုင်ကြားမှုက အများဆုံးပဲ။ ပြီးရင် မီးနီဖြတ်မောင်းတာ။ ဒီလိုအ‌ရေးယူရတာ ဒဏ်ကြေးလိုချင်လို့မဟုတ်ဘူး။ စည်းကမ်းတကျဖြစ်ဖို့ လုပ်ရတာ။ ယာဉ်လိုင်းနံပါတ်တွေ ပြောင်းလဲပြေးဆွဲတာက YBS ယာဉ်တွေ စည်းကမ်းချိုးဖောက်ရင် အလွယ်တကူအရေးယူနိုင်အောင်ပါ။” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်လိုင်းအများစုသည် တစ်ဦးချင်းပိုင် YBS ယာဉ်လိုင်းများမှဖြစ်ပြီး လမ်းပြောင်းပြန်မောင်းခြင်း၊ ကားချင်းပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ ယာဉ် တစ်စီးနှင့်တစ်စီး ကျော်တက်ခြင်းနှင့် ယာဉ်ပေါ်အတွင် ယာဉ်အကူထားရှိခြင်းတို့ ပြုလုပ်သဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်း ၁၉၉ လိုင်း၊ ယာဉ်စီးရေ ၃၇၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသည်တစ်သန်းကျော်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – YBS လမ်းညွှန်

#ယနေ့ခေတ်

ရှစ်လအတွင်း YBS ယာဉ်များ အရေးယူမှု တစ်သောင်းခြောက်ထောင်ကျော်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.