ရန်ကုန်၊ မတ် ၁၀
တရုတ်နိုင်ငံ၊ ရွှေလီမြို့နယ်နှင့် ကျယ်ဂေါင်မြို့နယ်တို့တွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် နေထိုင်ခွင့်အထောက်အထား ပြသနိုင်ခြင်းမရှိသဖြင့် မတ် ၁ ရက်မှ မတ် ၉ ရက်အထိ၊ ၉ ရက်အတွင်း လုပ်သား ၂၀၀ ကျော် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူခံရကြောင်း သိရသည်။
တရားမဝင် ခိုးဝင်သည်ဟုဆိုကာ တရုတ်ရဲတပ်ဖွဲ့က အလုပ်ရုံ၊ စိုက်ပျိုးရေးခြံများအထိ ဆက်တိုက်ဝင်ရောက်စစ်ဆေးခြင်းများ ပိုမိုတင်းကျပ်လာကြောင်း သိရသည်။
“ တရုတ်အာဏာပိုင်တွေက နယ်စပ်ခိုးဝင်တယ်ဆိုပြီး မတ် ၁ ရက်မှ မတ် ၉ ရက်အထိ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ဖမ်းဆီးထားတယ်” ဟု တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ရွှေလီမြို့နယ်ရှိ အကျဥ်းထောင်သို့ပို့ဆောင်၍ ပြစ်မှုအလိုက် ပြစ်ဒဏ်များချမှတ်ပြီး လွတ်ရက်စေ့သူများကို မူဆယ်နယ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
လွတ်ရက်စေ့ပြီး ပြန်လည်ပို့ဆောင်ခံရများသူအနေဖြင့် အနည်းဆုံး ၃ နှစ် ပြည်ဝင်ခွင့်ကန့်သတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ရွှေလီနှင့် ကျယ်ဂေါင်တွင် ၉ ရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများ ၂၀၀ ကျော်ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်