ရွှေပြည်သာတွင် ယာဥ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား ၂၂ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမ​ပေါ်၊ ငါးကန်လမ်းထိပ်တွင် ဧပြီ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က သာဓုကန်ဘုရားပွဲသို့လာသည့်ယာဥ်နှင့် ​မော်​တော်ယာဥ်သုံးစီး ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ရာ လူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ​ရွှေ​မေတ္တာ လူမှုကူညီ​ရေးအသင်းမှ သိရသည်။

“ တညင်းကုန်းဘက်ကိုမောင်းတဲ့ လိုက်ထရက်ကားက ရှေ့ကားကိုကျော်တက်တယ်ထင်တယ်။ Canter ကားက သာဓုကန်ဘက်ကို လူအပြည့်နဲ့ သူလမ်းသူမောင်းလာတာလို့ ​ဒေသခံ​တွေ ပြောကြတယ်။ Bongo ကားကတော့ Canter နောက်ကပါလာတာထင်တယ်။ အဲ့ဒီကားကို ဘယ်လိုတိုက်မိလဲ မမြင်လိုက်ရပါဘူးလို့ ​ဒေသခံ​တွေ ပြောကြတယ်။ လိုက်ထရက် ခေါင်းခန်း ပါဆင်ဂျာလူတော့ တော်တော်ထိတယ်။ သွေးတွေများကြီး။” ဟု ​​ရွှေ​မေတ္တာ လူမှုကူညီ​​ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားရာသို့ လူမှုကူညီရေးအသင်း ၇ သင်း ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၂ ဦးတို့အား အင်းစိန်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – ​ရွှေ​မေတ္တာလူမှုကူညီ​ရေးအသင်း

ရွှေပြည်သာတွင် ယာဥ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား ၂၂ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.