ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ပြည်တွင်းရှိ ရွှေနှင့် ဒေါ်လာစျေးကွက်အတွင်း စျေးနှုန်းများ ထပ်မံမြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေစျေးမှာ တရိပ်ရိပ်မြင့်တက်လျက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်းအထိ ရောက်ရှိခဲ့ပြီးနောက် ယနေ့တွင် ထပ်မံ၍ စျေးမြင့်တက်လာကြောင်း သိရသည်။
“ ဒီတစ်ပတ် တနင်္လာနေ့ စျေးစဖွင့်ထဲက ၃၉ သိန်းနဲ့စဖွင့်တာ။ မနေ့က အထိပဲ။ ကျလည်း နည်းနည်းပဲကျတယ်။ မနေ့က ညနေပိုင်းကစပြီး ၃၉ သိန်းကျော်လာတာ။ ဒီမနက်အဖွင့်စျေးက ၃၉ သိန်း ၁ သောင်းခွဲ။” ဟု ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းရွှေဈေးနှုန်းမှာ ယခုလအတွင်း အတက်အကျများဖြင့် မတည်မငြိမ်ဖြစ်နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေတစ်ကျပ်သား ၃၈ သိန်းဖြင့်ရောင်းချရာမှ နေ့စဉ်ဈေးမြင့်တက်လာပြီး၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ၃၈ သိန်း ၅ သောင်းနီးပါးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဖေဖော်ဝါရီ ၁၉ ရက်က ၃၉ သိန်းအထိရောက်ရှိခဲ့ရာမှ ယနေ့တွင် ထပ်မံမြင့်တက်လာခြင်းဟု သိရသည်။
ထိုသို့ ရွှေစျေးမတည်မငြိမ်ဖြစ်နေ၍ ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့တွင် ရွှေရောင်းချမှုကို ရပ်နားထားကာ ရွှေပြန်လည်ဝယ်ယူပေးမှုသာ ပြုလုပ်ခြင်းနှင့် အခေါက်ရွှေနှင့် ရွှေတုံးရွှေခဲများကို အရောင်းအဝယ်မလုပ်ကြောင်း ကြေညာထားသည်ကို တွေ့ရသည်။
ကမ္ဘာ့ရွှေစျေးမှာ ယခင်ရက်များက တစ်အောင်စလျှင် ဒေါ်လာနှစ်ထောင်အောက်သာ စျေးနှုန်းရှိရာမှ ယခုရက်ပိုင်းအတွင်း မြင့်တက်လာပြီး ယနေ့တွင် တစ်အောင်စလျှင် ၂၀၂၅ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဉ်ထုတ်ပြန်သည့် ယနေ့နံနက်ပိုင်း ရည်ညွန်းစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၆၅၅,၈၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်တွင်းရှိ နိုင်ငံခြားငွေကြေးလဲလှယ်ရေးစျေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာလည်း ယခုရက်ပိုင်းအတွင်း စျေးမြင့်တက်လာကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့က အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်သာရှိရာမှ ယနေ့တွင် ၃၆၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့လကမှ တစ်ဒေါ်လာကို ၃၃၀၀၊ ၃၄၀၀ ကျပ်လောက်ပဲရှိရာကနေ ဒီလထဲမှာ တဖြည်းဖြည်းတက်လာတာ။ ရက်ပိုင်းအတွင်းကို သုံးလေးဆယ်ကနေ တစ်ရာလောက်အထိ စျေးတက်လာတယ်။” ဟု ရန်ကုန်မြို့၌ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ထိုသို့ ရွှေစျေးနှင့် ဒေါ်လာစျေးများ မြင့်တက်လာမှုနှင့်အတူ စျေးကွက်အတွင်းရှိ စားသုံးကုန်စည်အချို့လည်း စျေးမြင့်တက်လာကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ရွှေနှင့် ဒေါ်လာစျေးနှုန်းများ ထပ်မံမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်