ရန်ကုန်၊ စက်တင်ဘာ ၂၆
ပြည်တွင်းစျေးကွက်၌ ရွှေနှင့် ဒေါ်လာစျေးနှုန်းများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းလာကြောင်း ရွှေနှင့် ဒေါ်လာရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။
ယနေ့ နေ့လည်တွင် ပြင်ပငွေလဲကောင်တာများ၌ အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်ဝန်းကျင်နှင့် ပြင်ပရွှေဆိုင်များ၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၄ သိန်းဝန်းကျင် အထိ စျေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
“ နှစ်ခုစလုံး စျေးနှုန်း တရှိန်ထိုးကို ပြန်ကျလာတာ။ ဒီနေ့လည် ရွှေစျေးက ၃၄ သိန်း ၃ သောင်းကျော်၊ ဒေါ်လာစျေးက ၃၃၂၀ ကျပ်ဝန်းကျင်ကို ကျလာတာ။ တစ်ပတ်အတွင်းမှာ သိသိသာသာကို ကျဆင်းလာတာ။” ဟု ရန်ကုန်မြို့မှ ရွှေ ရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ယခင်ရက်သတ္တပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၆ သိန်း ဝန်းကျင်ရှိနေရာမှ တစ်ပတ်အတွင်း ကျပ် ၂ သိန်းဝန်းကျင် စျေးကျဆင်းလာခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာလည်း ယခင်ရက်သတ္တပတ်က ၃၅၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ တစ်ပတ်အတွင်း ကျပ် ၂၀၀ နီးပါး စျေးနှုန်းကျဆင်းလာခဲ့ကြောင်း ရွှေနှင့် ဒေါ်လာ ရောင်းဝယ်နေသူ များထံမှ သိရသည်။
ရွှေနှင့် ဒေါ်လာစျေးနှုန်းများမှာ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ဝန်းကျင်နှင့် တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးနှုန်းတည်ငြိမ်နေရာမှ ဇူလိုင် ၂၃ ရက်နေ့က ကျပ်နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသောသတင်းကြောင့် စျေးနှုန်းများ တရှိန်ထိုးမြင့်တက်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၄၀၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိခဲ့ပြီးနောက် နစကမှ စျေး ကစားသူများအား အရေးယူမည်ဟု ကြေညာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ရွှေနှင့် ဒေါ်လာရောင်းဝယ်ရေး လုပ်ကိုင်နေသူများအား ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ် ခြင်း၊ ငွေလဲကောင်တာ ရာချီ၍ လိုင်စင်ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း စျေးနှုန်းများကျဆင်းလာခြင်းဟု ရွှေနှင့် ဒေါ်လာရောင်းဝယ်သူများက သုံးသပ် ပြောကြားမှုများရှိကြောင်း သိရသည်။
ယခုရက်ပိုင်း၌ စျေးနှုန်းကျဆင်းမှုများ ဆက်တိုက်ရှိနေသော်လည်း ရွှေဆိုင်အများစုတွင် အရောင်းအဝယ်အေးလျက်ရှိနေသကဲ့သို့ ဒေါ်လာဝယ်ယူရ ခက်ခဲမှုများလည်း ရှိနေ ကြောင်း ရန်ကုန်မြို့၌နေထိုင်သူများက ပြောသည်။
မောင်ဇော်
ဓာတ်ပုံ – အင်တာနက်
ရွှေနှင့် ဒေါ်လာစျေးနှုန်း ဆက်တိုက်ကျဆင်းလာ၊ တစ်ဒေါ်လာ ၃၃၀၀ ကျပ် ဝန်းကျင်နှင့် ရွှေတစ်ကျပ်သား ၃၄ သိန်းကျပ်ဝန်းကျင်သို့ ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်