ရန်ကုန်၊ စက်တင်ဘာ ၁၁
ပြည်တွင်းစျေးကွက်အတွင်း ရွှေနှင့် ဒေါ်လာစျေးနှုန်းများ ရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ကျဆင်းလာကြောင်း အရောင်းအဝယ် ပြုလုပ်နေသူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က ပြည်တွင်းစျေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၈ သိန်းနီးပါးနှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေခဲ့ရာမှ နေ့စဉ်နီးပါး စျေးနှုန်းကျဆင်းလျှက်ရှိလာခဲ့ပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းကျော်၊ အမေရိကန်တစ် ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဝန်းကျင်သို့ ကျဆင်းလာခဲ့ ကြောင်း ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
“ တစ်ပတ်ကျော်ကျော်အတွင်းမှာပဲ ရွှေရော၊ ဒေါ်လာရောပါ စျေးပြုတ်ကျလာတာ။ ဒီနေ့ နေ့လည် ရွှေစျေးက ၃၄ သိန်း ၇သောင်းနဲ့ ပြင်ပဒေါ်လာစျေးက တစ်ဒေါ်လာ ၃၄၀၅ ကျပ်နဲ့ အရောင်းအဝယ် လုပ်နေကြတယ်။ စျေးကျတယ်ဆိုပေမယ့် စျေးတည်ငြိမ်မှုမရှိတာကြောင့် အရောင်းအဝယ်လည်း အေးတယ်။ လက်ထဲငွေကိုင်ထားပြီး ရွှေစုချင်တဲ့သူတွေ လောက်ပဲ ရွှေဝယ်နေကြတာ” ဟု ၎င်းကပြောသည်။
ပြည်တွင်းစျေးကွက်ရှိ ရွှေစျေးနှင့် ဒေါ်လာစျေးများမှာ ယခုနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးစျေးများအဖြစ် ဩဂုတ် ၂၁ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၉ သိန်း ၇ သောင်း နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၃၉၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိခဲ့ပြီးနောက် စျေးနှုန်းအနည်းငယ် ကျဆင်းခဲ့ရာမှ ယခုရက်ပိုင်းအတွင်း နေ့စဉ်ဆက်တိုက်နီးပါး စျေးကျဆင်း လာခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လလယ်အထိ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင် ရှိနေရာမှ ဇူလိုင် ၂၃ ရက် က ဗဟိုဘဏ်၏ နှစ်သောင်းကျပ်တန် ထုတ်ဝေမည်ဆိုသည့် သတင်းကြောင့် စျေးနှုန်းများ တရှိန်ထိုး မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရွှေနှင့် ဒေါ်လာစျေးများ မြင့်တက်နေမှုအပေါ် ဩဂုတ်လလယ်မှစ၍ နစကနှင့် ဗဟိုဘဏ်က ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းထက် ပိုမိုရောင်းချသူများကို အရေးယူမည်ဟု ပြောကြားခဲ့သကဲ့သို့ အချို့ကုန်သည်များအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် နေ့စဉ်နီးပါး စျေးနှုန်းများ တဖြေးဖြေးကျဆင်းလာခဲ့ကြောင်း ရွှေနှင့် နိုင် ငံခြားငွေလဲလှယ်ရေး စျေးကွက်အား လေ့လာစောင့်ကြည့်နေသူတစ်ဦးက သုံးသပ်ပြောကြားသည်။
အမေရိကန်ဒေါ်လာငွေ လဲလှယ်သည့်စျေးနှုန်း ကျဆင်းလာမှုနှင့်အတူ ငွေလဲလှယ်ရေးစျေးကွက်အတွင်းရှိ အခြားငွေကြေးများလည်း စျေးကျဆင်းလျက်ရှိကာ ယနေ့နေ့လည် စျေး ကွက်ပေါက်စျေးများအရ ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် ၉၄ ကျပ်ဝန်းကျင်၊ စင်္ကာပူငွေ တစ်ဒေါ်လာလျှင် ၂၃၀၀ ကျပ်ဝန်းကျင်၊ တရုတ်ငွေ တစ်ယွမ်လျှင် ၄၆၀ ကျပ်ဝန်းကျင်များသို့ အသီးသီး ကျဆင်းလာခဲ့ကြောင်း ရန်ကုန်မြို့၌ ငွေလဲကောင်တာဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
ထိုသို့ စျေးကွက်အတွင်း ရွှေနှင့် ဒေါ်လာစျေးနှုန်းများ ကျဆင်းလာသော်လည်း ၎င်းတို့ စျေးမြင့်တက်စဉ်က လိုက်ပါ၍ စျေးနှုန်းများ မြင့်တက်ခဲ့သော စက်သုံးဆီစျေးအပါအဝင် အခြေခံစားသောက်ကုန်စည်အားလုံးမှာ စျေးနှုန်းကျဆင်းမှုမရှိ၍ လူထုအကြား ကုန်စျေးနှုန်း မြင့်တက်နေမှုဒဏ်ကို ဆက်လက်ခံစားနေရသည်ဟု ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၌ နေထိုင်သူ အိမ်ထောင်ရှင်မတစ်ဦးက ပြောကြားသည်။
မောင်ဇော်
ဓာတ်ပုံ – အင်တာနက်
ရွှေနှင့် ဒေါ်လာစျေးနှုန်းများ ရက်ပိုင်းအတွင်း နေ့စဉ်နီးပါး စျေးကျဆင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်