ပုသိမ်၊ ဧပြီလ ၁၂
ရွှေစျေးမြင့်တက်နေခြင်းကြောင့် ဧရာဝတီတိုင်းရှိ ရွှေဆိုင်များတွင် ရွှေဝယ်ယူသူမရှိသလောက်ဖြစ်နေပြီး ရွှေပြန်လည်ရောင်းချသူများသာ ရှိနေကြောင်း ရွှေအရောင်းဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။
ဧရာဝတီတိုင်းက ရွှေဆိုင်များတွင် ဧပြီလ ၁ ရက်မှ ၁၁ ရက်အထိ ၁၆ ပဲရည်ရွှေ ၁ ကျပ်သားကို ကျပ် ၄,၆၅၀,၀၀၀ နှင့် ၁၅ ပဲရည်ရွှေ ၁ ကျပ်သားကို ကျပ် ၄,၅၅၀,၀၀၀ ဈေးပေါက်နေပြီး ရွှေဝယ်သူမရှိဘဲ လာရောက်ရောင်းချသူများသာ များနေခြင်းကြောင့် ကာလပေါက်ဈေးထက် ရွှေ ၁ ကျပ်သားကို အနည်းဆုံးကျပ် ၅၅,၀၀၀ အထိ ဈေးလျော့ချဝယ်ယူနေရကြောင်း ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ သက်ဆိုင်ရာက ရွှေဈေးထိန်းဖို့ ဖမ်းမယ်ဆီးမယ်လုပ်လည်း အကြောင်းမထူးဘူး။ ရွှေစျေးနှုန်းက မတည်ငြိမ်တော့ အလုပ်ကတော်တော်ခက်ပါတယ်။ နေ့တိုင်းလိုလို ဈေးကတက်နေတော့ ရောင်းလိုက်ရင်ရှုံးတယ်။ အခုရွှေဝယ်တဲ့သူထက် လာရောင်းတဲ့ သူပိုများနေတယ်။ ပြန်ဝယ်ရွှေထည်တွေကို ဈေးလျော့ဝယ်နေတယ်။ အရင်က တနေ့ရောင်းအား သိန်းထောင်ချီရှိတာ။ အခုတော့ သိန်းဆယ်ဂဏန်းဖိုးတောင် အပြည့်ရောင်းရတယ်မရှိဘူး။” ဟု ၎င်းကဆက်ပြောသည်။
နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်က ဧရာဝတီတိုင်းတွင် ၂၀၂၀ ခုနှစ်က ၁၆ ပဲရည်ရွှေ ၁ ကျပ်သားကို ၉၅၅,၀၀၀ ကျပ်ရှိခဲ့ရာက တဖြည်းဖြည်းဈေးမြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်က ၁,၀၄၅,၀၀၀ ကျပ်၊ ၂၀၂၂ ခုနှစ်က ၂,၂၀၀,၀၀၀ ကျပ် ၊ ၂၀၂၃ ခုနှစ်က ၃,၅၅၀,၀၀၀ ကျပ် ၊ ၂၀၂၄ ခုနှစ်လက်ရှိတွင် ရွှေဈေးကွက်သမိုင်းတစ်လျောက် အမြင့်ဆုံးဈေးအဖြစ် ၄၅ သိန်းကျော်အထိ စံချိန်တင်ဈေးဖြစ်ပေါ်နေသည်ဟု ရွှေလုပ်ငန်ရှင်များက ဆိုသည်။
“ အဲ့ဒီလို ရွှေဈေးတွေ အဆမတန်ထိုးတက်နေလို့ ရွှေဝယ်ယူသူ မရှိသလောက်ဖြစ်နေတယ်။ ဒါ့ကြောင့် လတ်တလောအနေနဲ့ ရွှေဆိုင်တွေက ရွှေအရောင်းဝန်ထမ်းတွေကို လျော့ချလာတာ။ နေ့စားစနစ်နဲ့ အလုပ်ဆင်းခိုင်းနေရတာတွေပါ လုပ်နေတယ်။ ရွှေလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အရောင်းဝန်ထမ်းတွေပါ အခု အခက်အခဲဖြစ်နေတယ်။” ဟု ပုသိမ်မြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းက ရွှေဆိုင်များသည် ရွှေများပြန်လည်ဝယ်ယူရာတွင် ကာလပေါက်စျေးထက် ၁ ကျပ်သားကို ၅၅,၀၀၀ ကျပ်ခန့်အထိသာ ဈေးလျော့ဝယ်ယူနေခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ် နေသည့် ရွှေစျေးနှုန်းအခြေအနေအရ ရွှေအပေါင်ဆိုင်လုပ်ငန်းများ အလုပ်ဖြစ်နေကြောင်း သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
ရွှေဈေးမြင့်တက်နေခြင်းကြောင့် ဧရာဝတီတိုင်းကရွှေဆိုင်များ ဝယ်ယူမရှိဘဲ ရောင်းချသူများနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်