ရန်ကုန်၊ ဇန်နဝါရီ ၁၆
ယခုနှစ် ဇန်နဝါရီလအတွင်း တစ်ဒေါ်လာ ၃၀၀ ကျော်နှင့် ရွှေတစ်ကျပ်သား ငါးသိန်းကျော်အထိ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အခေါက်ရွှေတစ်ကျပ်သား သိန်း ၇၀ အထိ စံချိန်တင်မြင့်တက်ခဲ့သလို နိုင်ငံခြားငွေလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာ ၇၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
နောက်ပိုင်းတွင် ဈေးကစားသည်ဆိုသူများကို ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ပြီးနောက် ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်နေခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ ဒေါ်လာဈေးနဲ့ ရွှေဈေးက ရုတ်တရက်ခုန်တက်လာတယ်။ ဒါကလည်း တချို့တွေက လက်ထဲမှာဝယ်ကိုင်ထားကြတယ်။ ဈေးငြိမ်နေတော့ အဲဒီလူတွေက ဈေးဆွဲတင်ကြတာ။ ဈေးတွေတက်နေပေမယ့်လည်း အရောင်းအဝယ်က ငြိမ်တယ်။” ဟု ပြင်ပငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်လုပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြည်တွင်းရွှေဈေးသည် ဇန်နဝါရီ ၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၁၆၀,၀၀၀ ကျပ်ရှိရာမှ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၆,၆၈၀,၀၀၀ အထိမြင့်တက်ခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံခြားငွေလဲလှယ်နှုန်းသည်လည်း တစ်ဒေါ်လာ ၄၄၄၀ ကျပ်ရှိရာမှ ယနေ့တွင် တစ်ဒေါ်လာ ၄၆၅၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း တရားမဝင် နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦး နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့်အရေးယူထားပြီးဖြစ်သလို၊ ၆ ဦးကိုလည်း တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရ သည်။
#စုစု
#ယနေ့ခေတ်
ရွှေဈေးနှင့် ဒေါ်လာဈေးများ ပြန်လည်မြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်