ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရွှေဆိုင်များအားလုံး ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ထုတ်ပြန်ထားသည့် စံချိန်မီရွှေတစ်ကျပ်သားအလေးချိန်ဖြင့် ပြောင်းလဲကျင့်သုံးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့မှစတင်၍ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်နှင့်အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား(၁၆.၃၂၉၃၂၅ ဂရမ်)၏ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးဖြင့် ရောင်းချရန်သတ်မှတ်ထားပြီး ယင်းရည်ညွှန်းဈေးဖြင့် ရွှေဆိုင်အားလုံးရောင်းချရမည်ဖြစ်သည်။
“ အခုထုတ်ပြန်ထားတဲ့ စံချိန်မီရွှေတစ်ကျပ်သား (၁၆.၃၂၉၃၂၅) ဂရမ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနှုန်းပေါ့။ အကုန်လုံး ဒီရည်ညွှန်းဈေးနဲ့ပဲရောင်းရမယ်လို့ ပြောထားပြီးသား။ တချို့ဆိုင်တွေက ရောင်းတာမတွေ့ရသေးဘူး။ အခုထပ်သတိပေးတာပါ။” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း မရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ရှိရွှေဈေးကွက်တွင် အရောင်းအဝယ်မရှိဘဲ ပုံမှန်ထက်အေးနေကြောင်း ၎င်းကဆိုသည်။
#စုစု
ယနေ့ခေတ်
ရွှေဆိုင်များအားလုံး စံချိန်မီရွှေ တစ်ကျပ်သားအလေးချိန်ဖြင့် ပြောင်းလဲကျင့်သုံးရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်