ရန်ကုန်၊ မတ် ၂၉
ပြည်တွင်းစျေးကွက်အတွင်း ရွှေစျေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကာ ယနေ့ နေ့လည်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၄ သိန်းကျော်သို့ ရောက်ရှိနေကြောင်း ရွှေရောင်းဝယ်ရေးစျေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေးမှာ ယခုလအတွင်း နေ့စဉ်နှင့်အမျှ စျေးမြင့်တက်လျက်ရှိရာမှ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၄၄ သိန်းကျော်သို့ ရောက်ရှိလာခြင်းဟု သိရသည်။
“ ကမ္ဘာရွှေစျေးက ဆက်တိုက်တက်နေတော့ ပြည်တွင်းရွှေစျေးကလည်း ထိန်းမရအောင်ကို လိုက်တက်နေတာ။ မနေ့က ညနေက ၄၃ သိန်း ၇ သောင်းကျော်အထိရောက်လာပြီး ဒီမနက်ကျ ၄၄ သိန်းနဲ့ စျေးဖွင့်တယ်။ နေ့လည်ပိုင်းကစပြီး စျေးထပ်တက်လာနေတာ အခုစျေးက ၄၄ သိန်းကျော်ကို ရောက်နေပြီ။ အရောင်းအဝယ်လည်း တော်တော်အေးတယ်။” ဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။
လက်ရှိရောက်ရှိနေသည့် ရွှေစျေးနှုန်းမှာ နှစ်အလိုက်ရွှေရောင်းဝယ်သည့် စျေးနှုန်းမှတ်တမ်းများအနက် စံချိန်တင်အမြင့်ဆုံးရောက်ရှိနေသော စျေးနှုန်းဖြစ်ကြောင်း ရွှေလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ပြောသည်။
ယခုလအတွင်း ရွှေစျေးကွက်တွင် စျေးနှုန်းများတရိပ်ရိပ်မြင့်တက်လျက်ရှိကာ မတ်လ ၆ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ မှ မတ်လ ၁၃ ရက်နေ့တွင် ၄၁ သိန်းကျပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုမှ စျေးနှုန်းဆက်လက်မြင့်တက်ခဲ့ပြီး မတ် ၂၂ ရက်နေ့က ၄၂ သိန်းကျပ်သို့ ရောက်ရှိလာပြီး၊ ယနေ့တွင် ၄၄ သိန်းကျော်သို့ ရောက်ရှိလာခြင်းဟု သိရသည်။
အမေရိကန်နိုင်ငံ၌ ဘဏ်အတိုးနှုန်းများလျော့ချရန် ဆောင်ရွက်နေကြောင်း သတင်းများအရ ရွှေဝယ်ယူစုဆောင်းသူ များပြားမှုကြောင့် ယခုလပိုင်းအတွင်း ကမ္ဘာ့ရွှေစျေးမှာ တရှိန် ထိုး မြင့်တက်လျက်ရှိပြီး၊ ထိုသို့ကမ္ဘာ့ရွှေစျေးမြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေစျေးမြင့်တက်နေခြင်းဟု ရွှေရောင်းဝယ်ရေးလုပ်ကိုင်သူများက ပြောသည်။
ထို့ပြင် ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းနှင့် လတ်တလောနိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရွှေစျေးမှာအမြင့်ပိုင်းတွင် ဆက်ရှိနေခြင်းဟု ရွှေကုန်သည်အချို့က သုံးသပ်ပြောကြားသည်။
ထိုသို့ ရွှေစျေးမြင့်တက်လျက်ရှိ၍ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးချက် ထုတ်ပြန်ရာတွင် ၎င်းတို့အသင်း၏ သတ်မှတ်ရည်ညွှန်းစျေးအောက်တွင်သာ အ ရောင်းအဝယ် ပြုလုပ်ရန်နှင့် မပြုလုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် ထုတ်ပြန်ထားသည်။
နေ့စဉ်ထုတ်ပြန်လျက်ရှိသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ရည်ညွှန်းရွှေစျေးနှုန်းမှာ မီးလင်းရွှေတစ်ကျပ်သားလျှင် ၃,၈၁၁,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
လက်ရှိရွှေစျေးနှုန်းများ မြင့်တက်လျက်ရှိ၍ ရန်ကုန်မြို့ရှိရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့် ရွှေတုံး၊ ရွှေခဲများကို ရောင်းဝယ်ခြင်းမပြုလုပ်ကြောင်း ကြေညာထားပြီး လက်ဝတ် အထည်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။
ပြည်တွင်းရွှေစျေးမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၄ သိန်းဝန်းကျင်သာရှိရာမှ သုံးနှစ်ကျော်အတွင်း တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ခန့် စျေးမြင့်တက်လာခြင်းဟု သိရသည်။
ဓာတ်ပုံ – ယနေ့ခေတ်
ရွှေစျေးဆက်လက်မြင့်တက် တစ်ကျပ်သား ၄၄ သိန်းကျော်သို့ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်