ရန်ကုန် ၊ ဇန်နဝါရီ ၆
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့က နာရေးအိမ်ပေါ် သို့ လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံလေးဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိကြောင်း ကရင်အမျိုး သားအစည်းအရုံး KNU ၏ထုတ်ပြန်ချက်အရ သိရသည်။
ထိခိုက်သေဆုံးသူများမှာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါမြို့နယ်၊ ရေ ဖြူကန်ကျေးရွာရှိ နာရေးအခမ်းအနားပြုလုပ်သောနေအိမ်တွင် ကူညီလုပ်ကိုင်လျက်ရှိနေစဉ် ထိုနေ အိမ်အား လက်နက်ကြီးကျည်ထိမှန်ရာမှ ထိခိုက်သေဆုံးမှုများဖြစ်ခဲ့ခြင်းဟု သိရသည်။
သေဆုံးသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ကြောင်း သိရသည်။ ဒဏ်ရာရသူ ၁၆ နှစ်ဦးတွင်လည်း ဆယ်နှစ်အောက် ကလေးနှစ်ဦးပါဝင်ကြောင်း သိရသည်။
“ မနေ့က ရွာသားတွေက နာရေးအိမ်မှာကူညီနေတုန်း အိမ်ကိုလက်နက်ကြီးထိမှန်တာ။ ဦးညွန့်တင်၊ မောင်ဟိန်း၊ ဒေါ်အေးမာနဲ့ ဒေါ်စန်းပိုတို့ ကျည်ထိမှန်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံး သွားတယ်။ နောက်ထပ် ၁၆ ဦးလည်း ကျည်ထိတာနဲ့ အိမ်ပြိုကျတာတွေကြောင့် ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုဒေသများသည် KNU ၏ အုပ်ချုပ်မှုနယ်မြေဒေသများဖြစ်ကာ ကော်သူလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ ၃ ၊ ဆောထိမြို့နယ် (ရွှေကျင်မြို့နယ်)တွင် ပါဝင် ကြောင်း သိရသည်။
အဆိုပါမြို့နယ်ရှိ ကျေးရွာအချို့တွင် ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဇန်နဝါရီလ ၅ ရက်နေ့ နှစ်ရက်အတွင်း လက်နက်ကြီးကျည် ၁၂လုံး၊ ဒရုန်းဗုံး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ လေးဦးသေဆုံးခဲ့ပြီး၊ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့ကလည်း အဆိုပါမြို့နယ် ဝိုင်သစ်ဆိပ်ကျေးရွာတွင်လည်း လက်နက်ကြီးကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိ ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးတိုင်းအတွင်းရှိ ဒေသအချို့တွင် ပြီးခဲ့သည့်နှစ် ၊ နိုဝင်ဘာလအတွင်းမှစ၍ နစကတပ်စခန်းများအား KNU , PDF ပူးပေါင်းအဖွဲ့တို့က စတင်တိုက်ခိုက်ရာမှ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးများဖြင့် တိုက် ခိုက်မှုများကြောင့် ဒေသခံဆယ်ဦးထက်မနည်း သေဆုံးခဲ့ကာ၊ သောင်းချီ၍ စစ်ဘေးတိမ်းရှောင်လျက် ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တိုက်ပွဲအချို့ဖြစ်ကာ တံတားတစ်စင်းအပါအဝင် ရထားသံလမ်း၊ လျှပ်စစ်တာဝါတိုင်နှင့် တပ်စခန်းအချို့အား KNU က တိုက်ခိုက်ချေမှုန်းခဲ့၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်လျက်ရှိကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – KNU
ရွှေကျင်၌ နာရေးအိမ်လက်နက်ကြီးကျည်ထိ၍ လေးဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်