ဘန်ကောက်၊ ဒီဇင်ဘာ ၂၅
မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့နယ်တွင် ကာလဝမ်းရောဂါ ပြန့်ပွားနေခြင်းကြောင့် ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ်ပြီး တစ်လခန့်ကြာ ဝင်ထွက်ခွင့်ပိတ်ပင်ထားကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ် ဖန်သမ်ဝီချာယာချိုင် (Phumtham Wechayachai) က ချမှတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဒီဇင်ဘာ ၂၅ ရက်၊နေ့စွဲဖြင့် သတင်းရေးသားထားသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်စွာ စောင့်ကြည့်ကြပ်မတ်ရေးအစီအမံများ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်လုံး စစ်ဆေးရေးဂိတ်တွေနဲ့ သီးသန့်ခွဲထားခြင်းအပါအဝင် နယ်မြေခံစစ်သားတွေက အခြေအနေကို စောင့်ကြည့်ကူညီပေးနေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ နယ်စပ်မှာ တင်းကျပ်တဲ့အစီအမံတွေကို ထိုင်းစစ်တပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေတယ်။” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် မစ္စတာဖန်သမ်က ဒီဇင်ဘာ ၂၄ ရက်တွင် ကာကွယ်ရေးကောင်စီ အစည်းအဝေးအပြီး၌ ထိုင်းစစ်တပ်နှင့် ပြည် သူ့ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်ရန် ညွှန်ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။
ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ် ကာကွယ်ရန်အတွက် အနည်းဆုံး တစ်လခန့်ကြာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းဒေသဆိုင်ရာ အာဏာပိုင်များက ကာလဝမ်းရောဂါ၏ အန္တရာယ်များကို ပြည်သူအများ သိရှိနားလည်စေရန်အတွက် တကိုယ်ရေသန့်ရှင်းမှုရှိစေမည့် လက်အိတ်၊ မျက်နှာဖုံးများ နေအိမ်မှပြင်ပထွက်ခွာလျှင် အသုံးပြုရန် ဖြန့်ဝေပေးနေကြောင်း သိရသည်။
အဆိုပါ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့နယ်တွင် ကာလဝမ်းရောဂါကြောင့် လူတစ်ဦးသေဆုံးပြီး လူ ၂၀၀ ခန့် ကူးစက်ခံခဲ့ရကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ဘန်ကောက်ပို့စ်
ရွှေကုက္ကိုလ်တွင် ကာလဝမ်းရောဂါ ကူးစက်မှုပြန့်ပွားနေခြင်းကြောင့် ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ်ပြီး ဝင်ထွက်ခွင့်ပိတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်