ရန်ကုန်၊ ဩဂုတ် ၂၂
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ တံတားတစ်စင်းမှာ ယမန်နေ့ ညနေပိုင်းက ရာသီဥတုကြောင့် ပြိုကျပျက်စီးခဲ့၍ ယာဉ်များသွားလာရခက်ခဲနေ ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေပိုင်းက ရေဖြူမြို့နယ်၊ မလွှဲတောင်လမ်းပိုင်း၊ ကလိန်အောင်မြို့ ၊ ကော့လှိုင်ရွာအနီးရှိ တံတားမှာ မိုးရေကြောင့် ရေတိုက်စားပြီး ပြိုကျခဲ့ကြောင်း သိရသည်။ တံတား ပြိုကျမှုကြောင့် ယနေ့နံနက်ပိုင်းအထိ ယာဉ်များသွားလာ၍ မရသေးပဲ လမ်းပိတ်ဆို့နေကြောင်း သိရသည်။
“ ဒီမနက်အစောပိုင်းအထိ ဘယ်ကားမှ သွားလို့မရသေးဘူး။ ကားတွေရပ်ပြီး စောင့်နေရတုန်းပဲ“ ဟု ဒေသခံတစ်ဦးကပြောသည်။
ပြိုကျခဲ့သည့်တံတားမှာ အရှည် ၁၅ ပေ၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ် တံတားဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်းက ရာသီဥတုဒဏ်ကြောင့် မြေသားနိမ့်နေသည့်အတွက် တာဝန်ရှိသူ များက ယာယီပြင်ဆင်ခဲ့သော်လည်း ယမန်နေ့ ညနေက ပြိုကျခဲ့ခြင်းဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ တံတားပြိုကျမှုကို အမြန်ဆုံးပြုပြင်မည်ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့ က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
အလားတူ ဩဂုတ် ၇ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ တောနော်ရေတံခွန်အနီး၊ မိုင်တိုင်အမှတ် ၁၄၉ နှင့် ၁၅၀ ကြားတွင် အကျယ် ၃၃ ပေ၊ အရှည်ပေ ၁၅၀ ခန့်ရှိသည့် ကတ္တရာခင်းလမ်း၏ မြေသားပြိုကျခဲ့ပြီး ယနေ့အထိ ပြန်လည်ပြုပြင်နေကာ ယာဉ်များ သွားလာ၍ မရသေးကြောင်း သိရသည်။
ယခုလအတွင်း မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနှင့် ရခိုင်ပြည်နယ်ရှိ အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေနစ်မြှုပ်မှုဖြစ်ပွါးကာ ကားလမ်းများပျက်စီးမှု၊ တံတားပြိုကျမှုများ ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ရေး-ထားဝယ်ကားလမ်းပေါ်ရှိ တံတားတစ်စင်းပြိုကျ၍ ယာဉ်များသွားလာရ ခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်