ရန်ကုန်၊ အောက်တိုဘာ ၁
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ယမန်နေ့က ယာဉ်တစ်စီးအား လက်နက်ကိုင်ဆောင်ထားသူများက ပစ်ခတ်ခဲ့၍ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့လည် ၁၂ နာရီကျော်က ရေးမြို့နယ်၊ စိန်ကြီးကျေးရွာနေ အမျိုးသားတစ်ဦးသည် အခြားအမျိုးသားနှစ်ဦးနှင့်အတူ မော်တော်ယာဉ်တစ်စီးဖြင့် ကျောင်းရွာကျေးရွာမှ နေရပ်ဖြစ်သော စိန်ကြီးကျေးရွာသို့ပြန်လာစဉ် လမ်း၌ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများက မော်တော်ယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ရာ ၎င်းအားထိမှန်၍ အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
“ သေဆုံးသူ ဦးစိုးအောင်က သူ့မိတ်ဆွေ အမျိုးသားနှစ်ဦးနဲ့အတူ ကျောင်းရွာကနေ သူ့ရွာကိုပြန်လာတုန်း ကျောက်မီးချောင်း(တောင်) ရွာအနီးမှာ သေနတ်နဲ့ပစ်ခံရတာ။ ကားကိုလှမ်း ပစ်လိုက်တာ သူ့ကိုထိမှန်သွားတာ။ သူ့မိတ်ဆွေနှစ်ဦးလည်း ဒဏ်ရာရတယ်။” ဟု ဖြစ်စဉ်အားသိိရှသူ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူသည် လည်ပင်းနှင့် လက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာမှာပင် သေဆုံးခဲ့ကာ ၎င်း၏မိတ်ဆွေ အမျိုးသားနှစ်ဦးမှာလည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျောင်းရွာတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
၎င်းတို့အား မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။
ရေးမြို့နယ်သည် မွန်ပြည်နယ်အတွင်းရှိ မြို့များအနက် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် တစ်ခုတည်းသော မြို့နယ်ဖြစ်ကာ ယင်းမြို့နယ်အတွင်း ပစ်ခတ်မှုများကြောင့် ဒေသခံ များနှင့် ဝန်ထမ်းများသေဆုံးမှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ရေး၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်