ရန်ကုန်၊ ဩဂုတ် ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်းသို့ ယနေ့နံနက်ပိုင်းက အမည်မသိအမျိုးသား ၂ ဦးက သေနတ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့၍ လက် ဖက်ရည်ထိုင်သောက်နေသူများအနက် ၃ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယနေ့နံနက် ၈ နာရီက ရေးမြို့နယ်၊ အစင်ကျေးရွာ၊ နယ်မြေ ၄ ရှိ ကျေးရွာစျေးအတွင်း ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ မြို့ဟောင်းကုန်းကျေးရွာဘက်မှ ဆိုင် ကယ်စီးနင်းလာသော အမည်မသိအမျိုးသားနှစ်ဦး ရောက်ရှိလာကာ အသင့်ပါလာသောသေနတ်ဖြင့် ဆိုင်အတွင်း ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရ၍ ဆိုင်အတွင်း လက်ဖက်ရည်ထိုင်သောက်နေသူများအနက် အမျိုးသား ၃ ဦးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံး၍ ၂ ဦးမှာ ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူ နေကြောင်း သိရသည်။
“ သေတဲ့အထဲက တစ်ယောက်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်လို့ သိရတယ်။ သူက ဦးခေါင်းပွင့်သွားတာ။ ကျန်တဲ့ သေတဲ့သူနှစ်ယောက်က လက်ဖက်ရည်လာသောက်တဲ့ အရပ် သားတွေပါ။ ဒဏ်ရာရတဲ့ နှစ်ယောက်ကလည်း ဒေသခံအရပ်သားတွေပဲ“ ဟု ဒဏ်ရာရသူများအား ကူညီပေးခဲ့သည့် ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးအား ရေးမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးမှာလည်း ရေးပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံ ယူနေကာ ကျန်တစ်ဦးမှာ ရရှိဒဏ်ရာ ပြင်းထန်၍ မော်လမြိုင်ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း အဆိုပါဒေသခံက ဆက်လက်ရှင်းပြသည်။
လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် ရေးမြို့နယ်အတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့၏ တိုက်ပွဲများဖြစ်ပွါးနေသည့်အပြင် သေနတ်ဖြင့်ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်မှုများ မကြာ ခဏဖြစ်ပွားလျက်ရှိပြီး ဒေသခံများ ထိခိုက်သေဆုံးမှုလည်းရှိကြောင်း သိရသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ရေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း ပစ်ခတ်မှုဖြစ် ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်