ရန်ကုန်၊ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ ယမန်နေ့က ကျေးရွာရှစ်ရွာထက်မနည်းမှ ဒေသခံသုံးထောင်ကျော်မှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက ရေဦးမြို့မှထွက်ခွာလာသော စစ်ကြောင်းသည် ရေဦးမြို့ နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများအနီးသို့ရောက်ရှိလာ၍ တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ခြင်းဟု သိရသည်။
“ စစ်ကြောင်းဝင်ပြီး ပစ်ခတ်သံတွေလည်းကြားရလို့ ရေဦးအနောက်ခြမ်းကရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာ။ ဒီနေ့အထိလည်းရှိသေးတော့ ဘယ်သူမှမပြန်ရဲသေးဘူး။ စစ် ရှောင်နေရတဲ့သူ သုံးထောင်ကျော်လောက်ရှိတယ်။” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
ရေဦးမြို့နယ်အနောက်ခြမ်းရှိ အောင်သာ၊ ပျော်ဘွယ်၊ မစိုးရိမ်၊ ပြည်တော်၊ မူးဆုံ၊ ရွာမိဿာ၊ ငြုပ်တ္တုံ၊ မုတ်စီ စသည့်ကျေးရွာများမှ ဒေသခံသုံးထောင်ကျော်မှာ ယနေ့အထိ စစ်ဘေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
လတ်တလောတွင် စစ်ရှောင်များမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ၊ အချို့မှာ တောစပ်များတွင် ယာယီတဲထိုးနေထိုင်လျက်ရှိကြောင်း သိရသည်။
ရေဦးမြို့နယ်အတွင်း၌ နစကတပ်များနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ PDF များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများအပြီး၌ နယ်မြေရှင်းလင်းရန် ဆိုကာ စစ်ကြောင်းများဝင်ရောက်လေ့ရှိကြောင်း သိရသည်။
တိုက်ပွဲများနှင့် စစ်ကြောင်းဝင်ရောက်မှုကြောင့် ဒေသခံများလည်း မကြာခဏစစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသူများထံမှ သိရသည်။
ထို့ပြင် ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ၊ ယင်းမာပင်၊ ခင်ဦးနှင့် ဒီပဲယင်းမြို့နယ်တို့၌ တိုက်ပွဲများနှင့် စစ်ကြောင်းဝင်ရောက်မှုတို့ကြောင့် ဒေသခံသောင်းချီ၍ ဘေးလွတ် ရာသို့ ရွေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
ဓာတ်ပုံ – ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့
ရေဦး၌ ဒေသခံသုံးထောင်ကျော် စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်