ရန်ကုန်၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ဒေသခံထောင်ချီ၍ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
နိုဝင်ဘာ ၂၂ ရက်၊ နေ့လည်ပိုင်းက ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများအနီးသို့ စစ်ကြောင်းဝင်ရောက်လျက်ရှိသောကြောင့် တိုက်ပွဲများဖြစ်ပွားနိုင်၍ ကျေးရွာရှစ်ရွာထက် မနည်းမှ ဒေသခံလေးထောင်ကျော် စစ်ဘေးတိမ်းရှောင်ရကြောင်း သိရသည်။
“ တန့်ဆည်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတော့ အဲ့ဒီဘက်ကိုစစ်ကူသွားမယ့် စစ်ကြောင်းတွေလို့တော့ ယူဆရတာပေါ့။ ဒီဘက်မှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်တော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာ။ ဒီမနက်လည်း ရေဦး-တန့်ဆည်နဲ့ ကန့်ဘလူမြို့နယ်သုံးခုရဲ့အစပ်က အောင်သာယာရွာကို လေကြောင်းတိုက်ခိုက်သေးတယ်။ ဒဏ်ရာရသူတော့မရှိဘူး။” ဟု ဒေသတွင်းစစ်ရှောင်ကူညီပေးနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စစ်ကြောင်းများ ဖြတ်သန်းသွားကာ နှစ်ဖက်ပစ်ခတ်မှုအချို့လည်းဖြစ်ပေါ်ခဲ့၍ ရေဦးမြို့နယ်၊ ဆပ်သေ၊ ဇီးကန်၊ အင်တော၊ ဗိုလ်ရုံ၊ ပန်းကုန်း၊ ဖိန်းကား၊ အုန်းနှဲပေါင်းနှင့် ရွာသစ် စသည့်ကျေးရွာများမှ ဒေသခံထောင်ချီမှာ နိုဝင်ဘာ ၂၂ ရက်မှ ယနေ့အထိ ဘေးလွတ်ရာနေရာများတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
စစ်ရှောင်များမှာ တောစပ်များ၊ ဇရပ်နှင့် ဘုန်တော်ကြီးကျောင်းများတွင် ယာယီနေထိုင်လျက်ရှိနေကာ ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။
အလားတူ ယခုရက်ပိုင်း၌ စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ထီးချိုင့်နှင့် တန့်ဆည်မြို့နယ်များအတွင်း၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကာ ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ပြီးခဲ့သည့် တစ်လနီးပါးမှစတင်၍ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တောင် ပိုင်းတို့မှ ဒေသခံ သုံးသိန်းနီးပါး စစ်ရှောင်နေရသည့်အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ယမန်နေ့က UNOCHA မှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဒေသတွင်းရှိ စစ်ရှောင်ကူညီသူများ
ရေဦး၌ ဒေသခံထောင်ချီ၍ စစ်ဘေးတိမ်းရှောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်