ရေဦးအနောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံရှစ်ထောင်ခန့် အရေးပေါ် စစ်ရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံရှစ်ထောင်ခန့် ယမန်နေ့က အရေးပေါ် စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်းမှ စစ်ဘေးရှောင် ကူညီစောင့်ရှောက်သူများထံမှ သိရသည်။

ယမန်နေ့က ရေဦးမြို့နယ်ဘက်မှ ဒီပဲယင်းမြို့နယ်ဘက်သို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ငြုတ္တုံ၊ မုတ်စီ၊ မူးဆုံ၊ ရွာမိဿာ၊ မစိုးရိမ်၊ ပျော်ဘွယ်၊ ခြုံရွာ၊ ကျီးကုန်း၊ ဇီးကုန်း စသည့်ကျေးရွာများမှ ဒေသခံရှစ်ထောင်နီးပါးမှာ အရေးပေါ်စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“ ငြုတ္တုံ၊ မုတ်စီ၊ မူးဆုံ ရွာဘက်တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တော့ အနီးအနားကရွာတွေက ဒေသခံတွေက အရေးပေါ် ထွက်ပြေးတိမ်းရှောင်ရတာ။” ဟု ဒေသတွင်းမှ စစ်ဘေးရှောင်ကူညီစောင့်ရှောက်သူတစ်ဦးက ပြောသည်။

စစ်ရှောင်အများစုမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသကဲ့သို့ တောစပ်များနှင့် လယ်ကွင်း၊ ယာကွင်း စသည့်ကွင်းပြင်များ၌ တဲများထိုး၍ ယာယီနေထိုင် လျက် ရှိနေကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ညနေက ကျေးရွာအချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောကြားသည်။

အလားတူ ယခုရက်ပိုင်းအတွင်း၌ စစ်ကြောင်းဝင်ရောက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတစ်သောင်းခန့်၊ ဝက် လက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ ဒေသခံငါးထောင်ခန့်၊ ပုလဲမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတစ်သောင်းခွဲခန့်မှာ နေရပ်စွန့်ခွါ၍ စစ်ရှောင်နေရကာ ယနေ့အထိ နေရပ်များသို့ မပြန်နိုင်သေးကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် နစကတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ (PDF)များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက်နီးပါး ဖြစ်ပေါ်လျက်ရှိသည်။

ယခုရက်ပိုင်း၌ ဒေသအချို့သို့ စစ်ကြောင်းထိုး၍ ဝင်ရောက်ကာ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်စစ်ဆေးစဉ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိသည်ဟု နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဒေသအချို့၌ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန်ဆိုကာ လိုအပ်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိနေကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ် သည့် အသိုင်းအဝိုင်းမှ ပြောဆိုလျက်ရှိသည်။

မောင်ဇော်

ဓာတ်ပုံ – ဒေသတွင်းစစ်ရှောင်ကူညီပေးသူများ

#ယနေ့ခေတ်

ရေဦးအနောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံရှစ်ထောင်ခန့် အရေးပေါ် စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.