ရေဦး၊ သြဂုတ် ၁
စစ်ကိုင်းတိုင်း၊ ရေဦးမြို့၌ ယမန်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ကလေးငယ်တစ်ဦး သွေးထွက်လွန်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၃၁ ရက်၊ ညနေ ၃ နာရီခွဲခန့်က ရေဦးမြို့နယ်၊ ရှော်ဖြူရွာ၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ကျည်စများမှာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့ပြီး အသက် ၇ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ရေဦးနယ်အနောက်ခြမ်း ရှော်ဖြူရွာထဲတစ်လုံးကျတယ်၊ ဘုန်းကြီးကျောင်းထဲတစ်လုံးကျတယ်၊ နှစ်တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်၊ ပေါင်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ထင်ခဲ့တာ ညပိုင်းမှာ ဆေးကုသရင်း သွေးထွက်လွန်ပြီးဆုံးသွားတယ်” ဟု ရေဦးအခြေပြု ကူညီစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ခံကပြောသည်။
ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရ၍ ရော်ဖြူကျေးရွာအတွင်း ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ပျက်စီးခဲ့ပြီးနောက် ညပိုင်း ၉ နာရီကျော်တွင် ရေဦးတောင်ဘက်ခြမ်းရှိ တောင်ဘက်ခြမ်းရှိ မူးသာကုန်း ကုက္ကိုစုရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
“ မနေ့ကညပိုင်းကစလို့ ရေဦးနယ်တောင်ဘက်ခြမ်းရွာတွေနဲ့ ဒီပဲယင်းနယ်အရှေ့ခြမ်းကရွာတွေက မိုးထဲလေထဲ ညကြီးထွက်ပြေးခဲ့ကြရတယ်။ ရွှေဘိုနယ်အနောက်ခြမ်းကရွာတွေ ကလည်း ဒီပဲယင်းနယ်အရှေ့ခြမ်းဘက်ကို ညတွင်းချင်းတိမ်းရှောင်လာကြရတော့ စစ်ရှောင်တွေတအားများသွားတယ်” ဟု ရေဦးအခြေပြု ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံ ကပြောသည်။
လက်ရှိ၌ ရေဦးနယ် တောင်ဘက်ခြမ်းမှ ကျေးရွာပေါင်း ၁၀ ရွာနှင့် ဒီပဲယင်းအရှေ့ခြမ်းမှ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ရွာပေါင်း ၂၀ကျော် စစ်ရှောင်နေရပြီး ရွှေဘိုအနောက်ခြမ်းက ပြည်သူများမှာလည်း ဒီပဲယင်းနယ်ထဲသို့ တိမ်းရှောင်လာကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်တို့မှ ကျေးရွာများ၌ လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ ပေါက်ကွဲခြင်း၊ နေအိမ်များအားမီးရှို့ခံရခြင်းနှင့် ပြည်သူများ ဖမ်း ဆီးခံရခြင်းများရှိခဲ့သဖြင့် ဒေသခံတစ်သောင်းသုံးထောင်ကျော်မှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ထိုသို့စစ်ဘေးရှောင် ဦးရေတိုးသည်နှင့်အမျှ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များရှိနေကြောင်း ဒေသတွင်းကူညီစောင့်ရှောက်သူများထံမှ သိရသည်။
#ဂျူဂျူး
ဓာတ်ပုံ – PDC
#ယနေ့ခေတ်
#Highlight
#စစ်ဘေးရှောင်
ရေဦးမြို့၌ လက်နက်ကြီးကျည်ထိမှန်သည့်ကလေးငယ် သွေးထွက်လွန်၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်