ရေဘေးသွားရောက်ကူညီသည့် ပရဟိတအသင်း၏ လူနာတင်ယာဉ် လမ်းတွင် ပစ်ခတ်ခံ ရ

ရန်ကုန်၊ ဩဂုတ် ၁၂

ပဲခူးတိုင်း၊ ရွှေကျင်မြို့မှ ပရဟိတအသင်းတစ်သင်းသည် ယမန်နေ့က မော်တော်ယာဉ်နှစ်စီးဖြင့် ပဲခူးမြို့သို့ ရေဘေးကူညီရန်သွားရောက်စဉ် လမ်း၌ပစ်ခတ်ခံရကြောင်း အဆိုပါ အ သင်းထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ရွှေကျင်မြို့အခြေစိုက် ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းမှ အသင်းသားများသည် ပဲခူးမြို့သို့ ရေဘေးကူညီရန် အသင်းပိုင် လူနာတင်ယာဉ်နှစ်စီးဖြင့် သွားရောက်စဉ် ရွှေကျင်-ညောင်လေးပင်လမ်းပေါ် ပုစွန်မြောင်းကျေးရွာအရောက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဟု သိရသည်။

“ သေနတ်နဲ့ ကားလမ်းဘေးက လှမ်းပစ်တာ လေး၊ငါးချက်ပဲ။ ကားနှစ်စီးလုံး မောင်းပြေးတာ တစ်စီးက ကျည်တစ်ချက်ထိသွားတယ်။ အသင်းသားတစ်ဦး ဒဏ်ရာရတယ်“ ဟု ရွှေ ကျင်မောင်မယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ပရဟိတအသင်းပိုင် လူနာယာဉ်တစ်စီး၏အမိုးပိုင်းနှင့် ယာဉ်၏ဘက်ကြည့်မှန်တို့ ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ အသင်းသား အမျိုးသားတစ်ဦး မှန်ကွဲစထိမှန် ဒဏ် ရာရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

လမ်း၌ ပစ်ခတ်ခံခဲ့ရသော်လည်း အနည်းငယ်သာပျက်စီးခဲ့၍ အဆိုပါ လူနာတင်ယာဉ်နှစ်စီးစလုံး ပဲခူးမြို့သို့ရောက်ရှိအောင် သွားရောက်နိုင်ခဲ့ပြီး ခေါက်ဆွဲခြောက်များ၊ ရေသန့်များ အပါအဝင် စားသောက်ကုန်စည်များအား ရေဘေးသင့်သူများထံ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်နှစ်စီးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် နစကတပ်များနှင့် KNU နှင့် PDF ပူးပေါင်းအဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိကာ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မောင်ဇော်

ဓါတ်ပုံ- ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ပုံစာ- အသင်းပိုင် လူနာတင်ယာဉ်တစ်စီးအား တွေ့ရစဉ်။

ရေဘေးသွားရောက်ကူညီသည့် ပရဟိတအသင်း၏ လူနာတင်ယာဉ် လမ်းတွင် ပစ်ခတ်ခံ ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.