ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရေဘေးဒဏ်သင့်ခဲ့ရသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသတွင် ရေချိုရရှိရန်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အင်းရေက တအားညစ်ပတ်သွားပြီ။ အရင်တုန်းက ရေချိုရခဲ့တဲ့နေရာတွေမှာလည်း အခုရေကြီးပြီးနောက်ပိုင်း ရေချိုမရေတာ့ဘူး။ အင်းရေက ငံစပ်စပ်ကြီးဖြစ်နေလို့ သောက်ဖို့ဆိုတာ ဝေလာဝေးရောပဲ။ သုံးလို့တောင်အဆင်မပြေတော့ဘူး။” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒေသတွင်း ရေကြီးရေလျှံမှုဒဏ်ခံရစဉ်က နေအိမ်အဆောက်အအုံများ ရေနစ်မြုပ်ခံရမှုနှင့်အတူ၊ ရေအရည်အသွေးလည်း ကျဆင်းသွားခြင်းဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်လေ့လာသူ ဒေသခံတစ်ဦးက ပြောသည်။
“ရေကြီးတုန်းက ရေနစ်ခံရတဲ့အထဲမှာ ဓာတ်မြေသြဇာအိတ်ရေ တစ်သိန်းထက်မနည်းပါသွားတယ်၊ အဲဒါတွေက အင်းထဲနစ်မြုပ်သွားတယ်။ ရေကြီးပြီးနောက်ပိုင်းမှာ၊ အင်းထဲ(အင်းလေးဒေသ)ပြဿနာပေါင်းစုံကျန်ခဲ့တယ်။ ဒါတွေကိုအချိန်မီကာကွယ်ပေးဖို့လိုတယ်။” ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက် မြန်မာနိုင်ငံနေရာအနှံ့အပြား ရေကြီးရေလျှံမှုတွင် ရှမ်းပြည်(တောင်ပိုင်း)၊ ကလောနှင့် အင်းလေးဒေသလည်းပါ၀င်ခဲ့ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ဒေသတွင်းနေအိမ်အဆောက်အအုံ အလုံး ၄၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး၊ လူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
ခန့်ခန့်
Photo – CJ
#ယနေ့ခေတ်
ရေဘေးသင့်ခဲ့သည့် အင်းလေးဒေသတွင် ရေချိုခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်