ရေဖြူ၊ အောက်တိုဘာ ၂၅
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်အထိ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာသို့ ပြောင်းနေရကြောင်း ဒေသခံများ ၏ပြောပြချက်အရ သိရသည်။
” ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက မူးဒူး၊ ခမောင်းချောင်းနဲ့ ဘဝါ အပါအဝင် ရေဖြူမြို့နယ်ထဲက ကျေးရွာငါးရွာလောက်ကို ကုန်းကြောင်းအပြင် ရေကြောင်းပါ စစ်ကြောင်းထိုးနေ တာ။ အဲ့ဒီရွာတွေက ဒေသခံဦးရေ တစ်ထောင်ကျော်အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရတယ်။” ဟု စစ်ရှောင်များအရေး ဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ထောင်ကျော်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးငယ်များ၊ နာမကျန်ဖြစ်နေသူ ၃၀၀ ကျော်အထိပါကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း တပ်နှင့် PDF တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိ၊ သေဆုံးသည့် အခြေအနေအသေးစိတ်ကို မသိရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်ကလည်း ရေဖြူမြို့နယ်၌ အိမ်ကြီးအိမ်ကောင်းများအပါအဝင် နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ခံခဲ့ရသေးကြောင်း သိရသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ များ ဖြစ်ပေါ်ခဲ့ပြီးနောက် တနင်္သာရီတိုင်းတွင် နေအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ၈၀,၀၀၀ ကျော်အထိရှိသည်ဟု သိရသည်။
ဝဏ္ဏ
ရေဖြူမြို့၌ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်