ရေစကြို၌ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၌ ယမန်နေ့က လမ်းပေါ်တွင် မောင်းနှင်လာသည့် အိမ်စီးကားတစ်စီးအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်၍ ယာဉ်ပေါ်ပါသူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၂ နာရီကျော်က ရေစကြိုမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး တိုးဂိတ်၊ ရေစကြို-ပခုက္ကူသွား ကားလမ်းပေါ်တွင် ရေစကြိုဘက်မှ မောင်းနှင်လာသော AD Van အမျိုးအစား အိမ်စီးကားအား အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ ပစ်ခံရတဲ့သူတွေက ရေစကြိုမှာ ကုန်မာဆိုင်ဖွင့်ထားတဲ့ ဦးကျော်ကျော်နဲ့ သူ့ရဲ့ယာဉ်မောင်း ကိုဇော်ဝမ်းထူးတို့ပါ။ သူတို့နှစ်ယောက် ပခုက္ကူကိုသွားရင်း လမ်းမှာအပစ်ခံရတာ။ နှစ် ယောက်စလုံး ပွဲချင်းပြီးပဲ။ ဘာ့ကြောင့် အပစ်ခံရတယ်တော့ မသိဘူး။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပစ်ခတ်ခံရသူနှစ်ဦးတွင် ခန္ဓာကိုယ်အနှံ့၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ရုပ်အလောင်းအား ရေစကြိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်မှာလည်း ကျည် ၁၀ ချက်မနည်းထိမှန်၍ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ကလည်း မြင်းခြံမြို့နယ်၊ မြို့သာ-မန္တလေးသွား ကားလမ်းပေါ်တွင် မောင်းနှင်လာသည့် Crown အမျိုးအစား အိမ်စီးယာဉ်တစ်စီးအား အမည်မသိသူများက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ယာဉ်ပေါ်ပါဝင်သူ ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနှင့် အမျိုးသားတစ်ဦးတို့ နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရေစကြို၌ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.