ရန်ကုန်၊ အောက်တိုဘာ ၁၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသနှင့် အနီးတဝိုက်တွင် ယခုရက်ပိုင်း၌ ဒေသခံထောင်ချီ၍ အရေးပေါ် စစ်ဘေးတိမ်းရှောင်ရကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင် ကူညီပေးသူများထံမှ သိရသည်။
အောက်တိုဘာ ၁၂ ရက်မှစ၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အကြားရှိ ရေလယ်ကျွန်းဒေသနှင့် အနီးတဝိုက် ကျေးရွာများအနီးသို့ စစ်ကြောင်းများဝင်ရောက်လာပြီး နှစ်ဖက်တိုက် ပွဲပြင်းထန်မည်ကို စိုးရိမ်၍ ဒေသခံများ အရေးပေါ် စစ်ဘေးတိမ်းရှောင်ရခြင်းဟု သိရသည်။
“ ဒီဘက်တွေကို စစ်ကြောင်းတစ်ခါမှတော့ ဝင်တာမရှိဘူး။ အခုမှဝင်တာ။ ရေလည်ကျွန်းဒေသဆိုတော့ အနီးတဝိုက် ပတ်ပတ်လည်နေရာတွေကနေ ဝင်လာတယ်လို့ သိရတယ်။ တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တော့ အမြန်ဆုံးထွက်ပြေးတိမ်းရှောင်ရတာ။” ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေလည်ကျွန်းဒေသရှိ ဆူးလေကုန်း၊ ပေါက်တော၊ မိဘုရားကုန်း၊ မြေတော်၊ ကျွန်းညို၊ မီးလောင်ကျွန်း၊ ခြံယာစသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံထောင် ချီမှာ အောက်တိုဘာ ၁၂ ရက်မှစ၍ ဘေးလွတ်ရာနေရာများသို့ အရေးပေါ် ရွေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။ စစ်ရှောင်များ စားသောက်ရေးအတွက် စားနပ်ရိက္ခာအခက်အခဲ လိုအပ်ချက်များရှိပြီး ဝိုင်းဝန်းကူညီပေးပါရန်လည်း စစ်ရှောင်ကူညီသူများက အကူအညီတောင်းခံထားသည်။
လတ်တလော၌ ထိုဒေသတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပဲ ကျေးရွာအချို့ မီးရှို့ခံထားရကြောင်း သိရသော်လည်း ပျက်စီးဆုံးရှုံးမှုကို တိတိကျကျ မသိရသေးကြောင်း စစ်ရှောင်ကူညီပေးသူတစ်ဦးက ဆက်လက်ပြောကြားသည်။
ယခုရက်ပိုင်း၌ မကွေးတိုင်းအတွင်းရှိ မြိုင်၊ ရေစကြို အပါအဝင် ဒေသအချို့၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ခင်ဦး၊ ပုလဲ အပါအဝင် ဒေသအချို့တွင် စစ်ကြောင်းများ ဝင် ရောက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါး၍ ဒေသခံသောင်းချီမှာ နေရပ်စွန့်ခွါကာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် နစကတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ (PDF)များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ် ဆက်တိုက်နီးပါး ဖြစ်ပေါ်လျက်ရှိကာ ယခုရက်ပိုင်း၌ ဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန်ဆိုကာ လိုအပ်သည့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများအား လုပ်ဆောင် လျက်ရှိနေကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ပြောဆိုလျက်ရှိသည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသတွင်း စစ်ရှောင်ကူညီသူများ
ပုံစာ – ရေစကြို ရေလည်ကျွန်းဒေသရှိ စစ်ဘေးရှောင်များကို ယမန်နေ့က တွေ့ရစဉ်
ရေစကြို၌ ဒေသခံထောင်ချီ အရေးပေါ် စစ်ဘေးရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်