ရန်ကုန်၊ ဇန်နဝါရီ ၂၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကြူရွာမှာ ယမန်နေ့က မီးရှို့ခံရ၍ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ ၂၈ ရက်၊ နေ့လည်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ရေစကြိုမြို့နယ်၊ ကြူကျေးရွာရှိနေအိမ်များ မီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ခြေတစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ မနေ့က ညနေသုံးနာရီလောက်ထဲက မီးရှို့ခံရတာ။ ညပိုင်းအထိ မီးမငြိမ်းဘူး။ ရွာတောင်ဘက်ပိုင်းလောက်က စလောင်တာ။ မီးလောင်သွားတဲ့အိမ်တွေက အိမ်ရှင်တွေက စစ်ရှောင်နေရတော့ ဘာပစ္စည်းမှ မသယ်လိုက်နိုင်ဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့်အပြင် မီးလောင်သည့် နေအိမ်တစ်လုံးအတွင်း ပိတ်မိနေသူအဖိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ဒေသခံအချို့ ဖမ်းဆီးခံရ ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရပြီး၊ ထိုကိစ္စနှင့်ပတ်သတ်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပေ။
ထိုဒေသတွင် လှုပ်ရှားလေ့ရှိသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့က မီးရှို့ခံရသည့် ကြူကျေးရွာအနီးရှိ ကျေးရွာတစ်ရွာတွင် အခြေပြုလှုပ်ရှားနေသည့် နစကတပ်များအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ရာမှ အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ယမန်နေ့ နေ့လည်ပိုင်းက ကြူကျေးရွာမီးရှို့ ခံရခြင်းဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် အဆိုပါဒေသရှိ ဒေသခံတစ်ထောင်ကျော်မှာ ဘေးလွတ်ရာနေရာများတွင် ရှောင်တိမ်းနေထိုင်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ နေအိမ်များမီးရှို့ခံရပြီး၊ ဒေသခံရာချီ၍ အိုးအိမ်မဲ့အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော သုံးနှစ်နီးပါးကာလအတွင်း နိုင်ငံတစ်ဝန်းရှိ နေအိမ်၊ အဆောက်အအုံ ရှစ်သောင်းထက်မနည်း မီးရှို့ဖျက်စီးခံခဲ့ရကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ဓာတ်ပုံ – စေတန်
ရေစကြိုရှိ ကြူရွာ မီးရှို့ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်