ရေစကြိုမြို့နယ် စာသင်ကျောင်းတစ်ခု၌ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရေစကြို၊ အောက်တိုဘာ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ သိုဝှက်သိမ်းဆည်းထားသော လက်လုပ်သေနတ် ၂၁ လက်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သက်ဆိုင်ရာမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ PDF များက လက်နက်၊ ခဲယမ်းများ သိုဝှက် သိမ်းဆည်းထားသည်ဟု သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်းအတွင်းမှ လက်လုပ်သေနတ်အရှည် ၂၁ လက်၊ လက်လုပ်သေနတ်အတို တစ်လက်၊ လက်လုပ်အာပီဂျီ သုံး လက်၊ လက်လုပ်စိန်ပြောင်း ၁၇ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

” မနေ့ကမိတာ၊ လက်နက်တွေပဲ မိတာပါ။ သတင်းအရ ရဲတပ်ဖွဲ့နဲ့တပ်က သွားစစ်ဆေးဖမ်းတာ။ လက်နက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ သိမ်းဆည်းသွားတယ်။” ဟု ၎င်းကဆက်ပြောသည်။

သိမ်းဆည်းရမိသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ရေစကြိုမြို့နယ် စာသင်ကျောင်းတစ်ခု၌ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.